ဆာလံကျမ်း ၅၀:၂၃” ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူဖြစ်၏”
ဘုရားသခင်၏ကျေးဇူးတော်များသည် ကျွန်တော်တို့၏အသက်တာတွင် ဘယ်အခါမျှ ချီးမွမ်းလို့ကုန်နိုင်မည်မဟုတ်ပေ။ ငယ်စဉ်ခလေးဘဝမှစ၍ ယနေ့ထိတိုင်အောင် ပို့ဆောင် ပေးတော်မူသော ကျေးဇူးတော်များကို ပြန်လည်ရေတွက်အောက်မေ့ရမည်ဖြစ်သည်။ ရှင်သန်ရသောနေ့ရက်တိုင်းတွင် တစ်ခါတစ်ရံခက်ခဲမှု၊ ကြေကွဲမှုများ တွေ့ကြုံရ သော်ငြားလည်း ဘုရားသခင်သည် ကျွန်တော်တို့၏အနားမှာ အစဉ်အမြဲ ကြည့်ရှု စောင်မ ၍လမ်းပြပေးနေပါသည်။ သူ၏သားသမီးများအပေါ်ထားရှိသော ဘုရားသခင်၏ ချစ်ခြင်း မေတ္တာသည် အံဩဘွယ်ပင်ဖြစ်ပေသည်။
သမ္မာကျမ်းစာထဲမှ လုကာ ၁၇:၁၁-၁၉တွင်ဖော်ပြထားသော သခင်ယေရှုနှင့် လူနူ (၁၀)ယောက်အကြောင်းအားဖြင့် အားပေးလိုပါသည်။ တစ်နေ့မှာတော့ သခင်ယေရှု သည် ယေရုရှလင်မြို့သို့ ခရီးဆက်နေစဉ် ရှမာရိရွာနှင့်ဂါလိလဲပြည် နယ်စပ် ရွာလေးတစ်ရွာ သို့ ဝင်ရောက်သောအခါတွင် လူနူ(၁၀)ယောက်သည် သခင်ယေရှုကို ထွက်ကြိုကြပါသည်။ ထို့နောက်သူတို့က“သခင်ယေရှု၊ကယ်တော်မူပါ”ဟု အော်သောအသံကို သခင်ယေရှု ကြား သောအခါသူတို့ကိုယဇ်ပရောဟိတ်ထံသို့သွား၍ကိုယ်ကိုပြကြဟုမိန့်တော်မူခဲ့ပါသည်။
လူနူ(၁၀)ယောက်သည် ယဇ်ပရောဟိတ်ထံသို့သွားစဉ် လမ်းခရီးမှာပင် အနာရောဂါများ ပျောက်ကင်းသွားကြပါသည်။ ထို့နောက် တစ်ယောက်တည်းသော ရှမာရိအမျိုးသားသည် ပြန်လာပြီးကြီးသောအသံဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းပါသည်။ သခင် ယေရှု သည် သူ၏ ချီးမွမ်းခြင်းကို လက်ခံတော်မူ၍ အနာရောဂါကိုငြိမ်းစေခဲ့ပါသည်။
ထိုအတူပဲ ကျွန်တော်တို့၏အသက်တာတွင် ခံစားရသော ကောင်းကြီးမင်္ဂလာများ အတွက်ကျေးဇူးတော်များကို ချီးမွမ်းရမည်ဖြစ်သည်။ ရှမာရိအမျိုးသားကဲ့သို့ ဘုရားသခင် ပြုတော်မူသောကျေးဇူးတော်များကို အစဉ်အမြဲရေတွက်ချီးမွမ်းကြပါစို့။