သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့
28.7.2022(Thursday)
ဆာလံကျမ်း ၂၃:၄ ” အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုနှင့်အတူရှိတော်မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏”
လူတိုင်းလူတိုင်းသည် တနေ့တွင် ဤလောကကြီးထဲမှ ထွက်သွားရမည်ဖြစ်သည်။ အသက်တစ်ရာမနေရပေမဲ့လည်း အမှုတရာကြုံကြရပါသည်။ မနက်ဖြန်တွင်ဘာဖြစ်မည်ကို မည်သူမျှမသိနိုင်ပါ။ ကျွန်တော်တို့၏ ဘဝအသက်တာတွင်ဖြစ်စေ ကျွန်တော်တို့၏ ပတ်ဝန်းကျင်၌ဖြစ်စေ အသက်ဘေးမှလွတ်မြောက်သော အဖြစ်အပျက်များကိုကြားဖူးကြမည်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယောဘ ရှင်ပေါလု ဒါဝိဒ်တို့သည့်လည်း သေဘေးနှင့်အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါသည်။
ကျွန်တော်၏ ဘဝအသက်တာထဲတွင်လည်း သေဘေးနှင့်နှစ်ခါကြုံဖူးပါ၏။ ပထမတစ်ခါက ဓါတ်လိုက်ခံရခြင်းဖြစ်၏။ တစ်ညနေတွင် ကျွန်တော်တို့၏ရွာတွင် အသင်းတော်ကျမ်းစာသင်တန်းလုပ်ပါ၏။ ကျွန်တော်နှင့် ညီငယ်လေးတစ်ယောက်သည် အစားအသောက်များကို တခြားရွာသို့ စက်လှေဖြင့် သွားရောက်ယူကြပါ၏။ အပြန်လမ်းတွင် မိုးရွာသောကြောင့် အိမ်တစ်အိမ်တွင် ခနနားကြပါ၏။ ကျမ်းစာသင်တန်းတွင် မီးပေးရန် ဝါယာကြိုးမလောက်သဖြင့် သွပ်ကြိုးအရှည်ကြီးများကို အသုံးပြုခဲ့ရပါ၏။ ကျွန်တော်သည် ခနနားပြီးနောက် အိမ်မှအထွက်တွင် သစ်ပင်ပေါ်တွင်ချိတ်ထားသော သွပ်ကြိုးအခွေက ကျွန်တော့်အပေါ်ကျသဖြင့် သွပ်ကြိုးကို လျှပ်စစ်စီးသဖြင့် ဓါတ်လိုက်ခံခဲ့ရပါ၏။ ကျွန်တော့်တစ်ကိုယ်လုံးထုံကျင်၍ ဘာမျှ မလုပ်နိုင်တော့ပါ။ ကျွန်တော်ဓါတ်လိုက်ခံရသည်ကို အဘွားတစ်ယောက်က တွေ့ရှိပြီးနောက် တုတ်ချောင်းနှင့် သွပ်ကြိုးကိုဖယ်ပေးကာမှ အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါ၏။ ဒုတိယတစ်ခေါက်ကေတာ့ ရေနစ်သေတော့မလို အဖြစ်အပျက်မှ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လွတ်မြောက်ခဲ့ရပါ၏။
ကျွန်တော်တို့အယောက်စီတိုင်းသည်လည်း မိမိတို့၏ ဘဝအသက်တာတွင် သေမင်းအရိပ်ထဲ လျှောက်လှမ်းခဲ့ဖူးကြမည်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးကိုကြည့်လိုက်လျှင် အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ နေ့တိုင်းဤလောကကြီးထဲမှ ထွက်သွားကြရပါသည်။ ကျွန်တော်တို့၏ မနက်ဖြန်များစွာကို ကျွန်တော်တို့မပိုင်ပါ။ အရာခပ်သိမ်းသည် ဘုရားသခင်၏လက်တော်ထဲ၌သာ ရှိပါသည်။ ထို့ကြောင့်အသက်ရှင်ရသည့် အချိန်အတိုင်းအတာတစ်ခုအတွင်းတွင် ဘုရားသခင်၏အလိုတော်အတိုင်းလျှောက်လှမ်းကြပါစို့ ဟု အားပေးပါရစေ။
ဖလားဆဲ