မာန်မာနကိုချိုးနှိမ်လိုက်ပါ

Share

မာန်မာနကိုချိုးနှိမ်လိုက်ပါ
14.7.2022(Thursday)

သုတ္တံကျမ်း ၁၆:၁၈” မာနသည် ပျက်စီးခြင်းအရင် ထောင်လွှားသောသဘောသည်ရှုတ်ချခြင်းအရာ၌ နေရာကျတတ်၏”

မာန်မာနထောင်လွှားခြင်းသည် လူကိုအင်မတန်မှဒုက္ခပေးသောအရာဖြစ်သည်။ မာန်မာနသည်လူတစ်‌ယောက်၏ဘဝအသက်တာကို၎င်း၊ ပတ်ဝန်းကျင်ကို၎င်း အဆိတ်အတောက်များသာယူဆောင်လာပါသည်။ C.S Lewis က” မာနကြီးခြင်းသည် လူကိုသာ ထိခိုက်စေတာမဟုတ်ပါ။ ဘုရားသခင်ကိုလည်းထိခိုက်စေပါသည်”ဟုပြောခဲ့ပါသည်။
မာနဟူ‌သောအရာကိုပြောသည့်အခါတွင် မှန်ကန်သောမာနနှင့်မှားယွင်းသောမာနဟူ၍(၂)မျိုးရှိပါသည်။ မှန်ကန်သောမာနသည် သမ္မာတရားနှင့်အညီကျင့်ကြံပြီး မကောင်းသောလမ်းသို့မလိုက်သောမာနဖြစ်သည်။ အများသူငှာ မိုးခါးရေသောက်သလို မသောက်သောမာနမျိုးရှိရမည်ဖြစ်သည်။ မှားယွင်းသောမာနကတော့ ရှင်လုကာ၁၈:၉-၁၄တွင် ဖတ်ကြည့်ပါက ဖာရိရှဲတစ်ယောက်နှင့် အခွန်ခံတို့၏ ဆုတောင်းပဌာနာပြုသော‌အကြောင်းကို သိရမည်ဖြစ်သည်။ ဖာရိရှဲကတော့ သူ၏လုပ်နိုင်စွမ်းများကိုအမှီပြုပြီး မာနကြီးစွာဖြင့် ဆုတောင်းပါသည်။ အခွန်ခံကတော့ အပြစ်များကို ဘုရားသခင်ထံဝန်ချတောင်းပန်ပါသောကြောင့် စစ်မှန်သောလွှတ်မြောက်ခြင်းကိုရရှိပါသည်။ နေဗုခနေဇာမင်းကြီး၊ ရှောလုနှင့် အာဗရှလုံတို့သည် မာနကိုရှေ့တန်းတင်ကာအသက်ရှင်ခဲ့သောကြောင့် ဆုံးရှုံးမှုများ၊ ကျရှုံးမှုများ ရင်ဆိုင်ခဲ့ကြရပါသည်။ မာနကြီးခြင်း၏လက္ခဏာများကတော့…
(က) ကျွန်တော်၊ကျွန်မလုပ်နိုင်သည်။ သူများထက်လုပ်နိုင်သည်။
(ခ) ငါဆိုသောအတ္တကြီးဆိုးလျက်ရှိသည်။
(ဂ) ဩဇာအာဏာရချင်၍ အထက်စည်းမှာပဲ နေချင်သည်။
(ဃ) သူများကို ဝေဖန်သုံးသပ်ဆုံးဖြတ်သည်
(င) သည်းခံနိုင်သော အတိုင်းအတာမရှိ
(စ) သူတစ်ပါးဝေဖန်တာကိုမခံနိုင်၊ ပြုပြင်ချင်သောစိတ်မရှိခြင်းများဖြစ်သည်။
ထို့ကြောင့် မာန်မာနထောင်လွှားခြင်းသည် မိမိကိုယ်ကိုသာ ဗဟိုပြုသောအရာတစ်ခုဖြစ်သောကြောင့် ကျွန်တော်တို့၏ဘဝအသက်တာတွင်မာန်မာနထောင်လွှားခြင်းကို တတ်နိုင်သမျှ လျော့ချရမည်ဖြစ်သည်။ မာန်မာထောင်လွှားခြင်းကိုချိုးနှိမ်မှသာ ဘုရားသခင်ချီးမြောက်ခြင်းကို ခံရမည်ဖြစ်သည်။
ဖလားဆဲ
Reference>>သရာမူစင်သီယာမိုး၊ လယ်ဆူးညား၊ ၂၀၁၀၊စက်တင်ဘာ)