ခပ်သိမ်းသောအရာ

Share

ခပ်သိမ်းသောအရာ

30.6.2022(Thursday)

ဒေသနာကျမ်း ၃:၁“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။မိုဃ်းကောင်းကင်အောက်၌ကြံစည်သမျှအသီးသီးတို့ကိုပြုရသောအချိန်ရှိ၏”

လောက၏နိယာမအရ ဖြစ်ခြင်း၊ပျက်ခြင်းသဘောတရားများသည် အစ‌ဉ်အမြဲ ဒွန်တွဲလို့နေသည်ကိုတွေ့ရမည်ဖြစ်သည်။လူ့ဘဝခရီးကို တည်မြဲခြင်း၊မမြဲခြင်းအကြားတွင် လျှောက်လှမ်းခြင်းဟု သတ်မှတ်ရပေမည်။

ဒေသနာကျမ်းထဲတွင်တော့ အတိအလင်းဖော်ပြထားပါသည်။ ဝမ်းနည်းခြင်းရှိသလို ပျော်ရွှင်ခြင်းလည်းတလှည့်စီရှိနေမည်ဖြစ်သည်။ စာရေးသူသည် မကြာသေးခင်က တောင်ငူမြို့အနီး ကယားရွာလေးတစ်ရွာသို့ ရောက်ရှိခဲ့ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ပြီးနောက် ကယားပြည်မှ စစ်ဘေးရှောင်လာသော ဆရာတော်ကြီးတစ်ပါးနှင့်မိတ်သဟာရဖွဲ့ခွင့်ရခဲ့ပါသည်။ အသင်းတော်အခိုင်အမာ၊အသင်းသားအခိုင်အမာကို ဦးဆောင်ရသော သိုးထိန်းကြီးဖြစ်ခဲ့ပါသည်။ မမျှော်လင့်နေ့တစ်နေ့တွင် စစ်ဘေးကြောင့် အသင်းတော်နှင့်အိမ်ကို စွန့်ခွာခဲ့ရပါသည်။ နှစ်ပေါင်းများစွာတည်ဆောက်ခဲ့ရသော အိမ်နှင့် ဘုရားကျောင်းသည် စစ်ဘေးကြောင့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါသည်။ အခက်အခဲအမျိုးမျိုးမှ လွတ်မြောက်လာခဲ့ရသော သူ၏အတွေ့အကြုံများကို စာ‌ရေးသူအားပြန်လည်ဝေငှခဲ့ပါသည်။ ခက်ခဲမှုများကြုံတွေ့ခဲ့ရသောလည်းယခုတိုင်အောင် သစွာရှိစွာ အစေခံသော ဆရာတော်ကြီးတစ်ယောက်ဖြစ်ပါသည်။မသေချာသောမနက်ဖြန်များ၊ ဖြစ်ခြင်း၊ပျက်ခြင်းများကြား ရှင်သန်ရချိန်တွင်ကျွန်တော်တို့သည် အားတင်းရင်းသာ ဆက်လျှောက်ကြဖို့ဖြစ်ပါသည်။ လောက၌ဖြစ်ပျက်နေသောအရာခပ်သိမ်းအလုံးစုံသည် ကိုယ်တော်ဘုရား၏လက်တော်ထဲ၌သာရှိသောကြောင့် သက်ဆုံးတိုင် သစွာရှိသောသူများအဖြစ် တည်ကြည်ကြပါစို့ဟု အားပေးပါရစေ။

ဖလားဆဲ