အသက်မွေးလောက်သောအစာ
22.6.2022(Wednesday)
မဿဲ ၆:၁၁“အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ”
လောကကြီးထဲ အသက်ရှင်လျှောက်လှမ်းရချိန်တွင် ကျွန်တော်တို့သည်ခန္စာအတွက်ခွန်အားရရှိစေဖို့ရန်အစားအစာလိုပါသည်။ အသက်ရှင်နေသရွေ့ အသက်မွေးလောက်သောအစာသည် အချိန်တိုင်းလိုအပ်ပါသည်။
သခင်ယေရှုသည် သူ၏တပည့်တော်များအား ပဌာတော်ဆုတောင်းချက်ကို သင်ပေးခဲ့ပါသည်။ ဆုတောင်းချက်အထဲတွင်“အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ”ဟူ၍ဖြစ်ပါသည်။ ထိုဂတိတော်သည် ယုံကြည်သူသားသမီးတိုင်းအတွက် မပြောင်းလဲသောဂတိတော်ဖြစ်ပါသည်။ ကျွန်တော်နှင့်ခင်မင်ရင်းနှီးသော ဆရာတော်တစ်ယောက်၏သက်သေခံချက်လေးကိုပြန်လည်ဝေမျှလိုပါသည်။သူသည်အိမ်ထောင်ကျပြီး သားသမီးများရလာပြီးနောက် တစ်နေ့တွင် ထမင်းချက်ဖို့ရန် ဆန်ပြတ်လတ်သွားခဲ့ပါသည်။ စားဖို့ရန်မရှိတော့သောအခြေအနေကြောင့် ဆရာသည် အင်မတန်မှ စိုးရိမ်ပူပန်သွားခဲ့ပါသည်။ သို့သောစိုးရိမ်ခြင်းများကိုယ်တော်ထံအပ်နှံကာ မိသားစုဝင်များအတူတကွဆုတောင်းခဲ့ကြပါသည်။ ညနေခင်းရောက်လာသောအခါ မသိကျွမ်းသောအသိတစ်ယောက်ထံမှ ဆန်တစ်အိတ်နှင့် ဝက်သားတစ်ပိဿာ ရရှိခဲ့ပါသည်။ အံဩဘွယ်သောဘုရားသခင်၏ပြင်ဆင်ပေးခြင်းဖြင့် မိသားစုဝင်များအသက်မွေးလောက်အစာကို သုံးဆောင်ခဲ့ကြရပါသည်။ ဘုရားသခင်ထံ ခိုလှုံကိုးစားသူတိုင်းအတွက် အသက်မွေးလောက်သောအစာကို ပြင်ဆင်ပေးမည်ဟု ဂတိတော်ရှိပါသည်။ နေ့ရက်စဉ်တိုင်း ဆုတောင်းခြင်းဖြင့်တောင်းလျှောက်ကြဖို့သာဖြစ်ပါသည်။
ဖလားဆဲ