စောင့်ထိန်းတော်မူလိမ့်မည်

Share

စောင့်ထိန်းတော်မူလိမ့်မည်
15.6.2022(Wednesday)

ဆာလံကျမ်း ၉၁:၁“အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာနတော်၌နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်”

မိသားစုတိုင်းအတွက် နေစရာအိမ်ရှိရန်လိုပါသည်။ အိမ်တစ်လုံးဖြစ်လာဖို့ရန် ဆောက်လုပ်‌သော သူများ၏ကြိုးစားအားထုတ်မှုလိုသလို အိမ်လေးတစ်လုံးမပျက်စီးဖို့ရန် စောင့်ထိန်းရမည်မှာ အိမ်ပိုင်ရှင်များ၏ တာဝန်ဖြစ်ပါသည်။
အရာအားလုံးအတွက် ကြည့်ရှုစောင့်ထိန်းပေးသူရှိမှသာအဆင်‌ပြေမည်ဖြစ်သည်။စာရေးသူ အနည်းငယ်သက်သေခံလိုပါသည်။ စာရေးသူသည်အဝေးသင်တက္ကသိုလ်ကျောင်းသားဘဝတုန်းက လှိုင်သာယာအထည်ချုပ်စက်ရုံတွင် သွားရောက်လုပ်ခဲ့ဖူးပါသည်။ မတူညီသောနေရာအသီးသီးမှ လူငယ်အသီးသီးသည် အများအားဖြင့် လှိုင်သာယာစက်မှုဇုန်တွင် အလုပ်လာလုပ်ကြပါသည်။ စာရေးသူလည်း ရန်ကုန်မြို့တစ်မြို့လုံး အလုပ်ပတ်ရှာမရသောအခါ သူငယ်ချင်း၏အကူအညီဖြင့် အထည်ချုပ်စက်ရုံတွင်လုံခြုံရေးအလုပ်သွားလုပ်ရပါသည်။ လူငယ်အရွယ်ဖြစ်သောကြောင့် စုံစမ်းခြင်းက များလှပါသည်။ ဖဲရိုက်သူ၊လောင်းကစားလုပ်သူ၊ ချဲလ်ထိုးသူ၊အရက်သောက်သူ လူများစွာဖြင့် ရင်းနှီးခဲ့ရပါသည်။ ထိုသို့စုံစမ်းခြင်းက အမြဲဖိတ်ခေါ်သောငြားလည်း ဘုရားသခင်သည် စာရေးသူ၏အသက်တာကို ကွယ်ကာစောင့်ထိန်းပေးခဲ့ပါသည်။ဘုရားသခင်၏စောင့်ထိန်းပေးခြင်းမရှိပါက ပျက်စီးဖို့ ရာခိုင်နှုန်းများပါသည်။ စောင့်ထိန်းပေးသောကျေးဇူးတော်များကြောင့် ယခုတော့ အမှုတော်မြတ်ထဲတွင်ပါဝင်ခွင့်ရရှိခြင်းဖြစ်သည်ဟု သက်သေခံလိုပါသည်။ ထိုနည်းတူစွာပင် အိမ်တစ်လုံးကို စောင့်ထိန်းပေးဖို့ရန် အိမ်ရှင်လိုသကဲ့သို့ ကျွန်တော်တို့၏ဘဝကိုလည်း အစဉ်အမြဲစောင့်ထိန်းပေးသော ဘုရားသခင်၏ ကူညီမစမှုလိုအပ်ပါသည်။ ထို့ကြောင့် နေ့ညမပြတ်စောင့်ထိန်းတော်မူသော ဘုရားသခင်၏ လက်တော်ကိုဆုပ်ကိုင်ပြီး ကြုံဆုံလာသမျှ ခက်ခဲခြင်း၊စုံစမ်းခြင်း၊ပင်ပန်းခြင်းများကို ကျော်ဖြတ်ကြရအောင်ဟု အားပေးလိုပါသည်။
ဖလားဆဲ