တောင်းပန်ကြံစည်သမျှထက်
4.6.2022(Saturday)
ဧဖတ် ၃:၂၀-၂၁“ငါတို့ပြုပြင်သော တန်ခိုး တော်အတိုင်း ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်”
ဘုရားသခင်၏ဉာဏ်တော်သည် အနန္တဖြစ်သည်ဟု ဆာလံကျမ်းထဲတွင်ဖော်ပြထားပါသည်။ ကျွန်တော်တို့၏နေ့စဉ်ဘဝအသက်တာ၏ အသေးစိတ်အချက်အလက်များကို ဘုရားသခင်သည် သိရှိတော်မူပါသည်။
တစ်ခါတလေ ကျွန်တော်တို့၏ဘဝအသက်တာတွင် လုပ်တိုင်းမဖြစ်၊ကြံစည်တိုင်းမဖြစ်မြောက်သောအချိန်ကာလများကို ဖြတ်သန်းကြရပါသည်။ စာရေးသူ၏ဘဝအသက်တာတွင်လည်း ကြုံတွေ့ခဲ့ရပါသည်။ ဆယ်တန်းအောင်ပြီးနောက် ရန်ကုန်မြို့တစ်မြို့လုံး အလုပ်လိုက်ရှာခဲ့ဖူးပါ၏။ သူငယ်ချင်း၏အိမ်တွင်တစ်လတိတိနေပြီး အလုပ်ရှာခဲ့ရပါသည်။ အလုပ်မရသောကြောင် လမ်းမများထက်တွင် တစ်ယောက်တည်းငူငူငိုင်ငိုင်လမ်းလျှောက်ခဲ့ရပါသည်။ ဘုရားသခင်၏အကြံအစည်ကို စာရေးသူသည် ထိုအချိန်တွင် နားမလည်သောကြောင့် စောတကတတ်ခဲ့မိပါသည်။ အံဩစွာပင် ဘုရားသခင်သည် စာရေးသူအတွက် အကြံအစည်ရှိခဲ့သည်ကို နောက်ပိုင်းမှသိရှိခဲ့ရပါသည်။စာရေးသူ၏အသက်တာကို တဖြည်းဖြည်းပြောင်းလဲပေးရင်း အမှုတော်မြတ်ထဲ တွင်ရွေးကောက်ခဲ့ပါသည်။ ထိုအတူဘဲ ကျွန်တော်တို့အယောက်စီတိုင်းအတွက် ဘုရားသခင်၏အကြံအစည်ရှိပါသည်။ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏လမ်းပြမှုအတိုင်းလျှောက်လှမ်းပါက အံဩဘွယ်ရာ ဘုရားသခင်၏အကြံအစည်ကို သိရှိလာပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်တို့ တောင်းပန်ကြံစည်သမျှထက် ကြီးမြတ်သော ဘုရားသခင်၏အကြံအစည်တော်အတိုင်း လျှောက်လှမ်းကြပါစို့ဟု အားပေးပါရစေ။
ဖလားဆဲ