ကာက္ကနဇနီးဘယ်ကရ

Share

ကာက္ကန ဇနီးဘယ်ကရ

3.6.2022(Friday)

ကမ္ဘာဦးကျမ်း ၄:၁၆“ကာက္ကနသည် ထာဝရဘုရားထံတော်မှ ထွက်သွား၍၊ဧဒင်ပြည်အရှေ့၊နောဒပြည်တွင်နေလေ၏”

ကမ္ဘာဦးအစဘုရားသခင်သည် အာဒံနှင့်ဧဝကိုဖန်ဆင်းခဲ့ပါသည်။ ထိုနှစ်ဦးအားဖြင့် ကာက္ကနနှင့် အာဗေလဟုခေါ်သော သားနှစ်‌ယောက်ကို ရရှိခဲ့ပါသည်။အာဗေလ ၏ပူဇော်သောယဇ်ကို ဘုရားသခင်နှစ်သက်သောကြောင့် ကာက္ကနက အာဗေလကို သတ်လိုက်မိပါသည်။

ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်များနှင့် ယုံကြည်သူမဟုတ်သောသူများ မေးလေ့မေးထရှိသောမေးခွန်းရှိပါသည်။ ထိုမေးခွန်းကတော့ ကာက္ကနဇနီးဘယ်ကရဟူ၍ဖြစ်သည်။ကမ္ဘာဦးကျမ်း ၄:၈တွင် ကာက္ကနသည် အာဗေလကို တစ်ချိန်ချိန်တွင် သတ်လိုက်မိပါသည်။ ကျွန်တော်တို့သတိပြုရမည့်အချက်မှာ ထိုအချိန်တွင် ကာက္ကနအသက်ဘယ်လောက်ရှိပြီးလဲဆိုတာ ကျမ်းစာက မဖော်ပြထားပါ။ ကမ္ဘာဦး ၅:၄တွင် အာဒံ၌ အခြားသောသားသမီး၊မြောက်များစွာရှိသည်ဟုဖော်ပြထားပါသည်။ ကနဦးအနေဖြင့် အာဒံသားနှင့်သမီးများသည် အချင်းချင်းအိမ်ထောင်ပြုကြမည်ဖြစ်ပါသည်။ ထို့ကြောင့်ဖြစ်နိုင်သည့် အခြေအနေတစ်ခုမှာ ကာက္ကနသည်မိမိ၏တူမ(သို့မဟုတ်)ညီမတစ်ဦးဦးနှင့် တွေ့ဆုံပြီး အိမ်ထောင်ပြုနိုင်ချေရှိပါသည်။ထိုခေတ်ထိုအခါ လူသက်တမ်းသည်ပျမ်းမျှ(၉၀၀)နီးပါးလောက်ရှိပါသည်။ ကာက္ကနသည် အာဗေလကို သတ်ချိန်တွင် ကမ္ဘာပေါ်၌ လူသားများစွာ ပျံ့နှံ့နေခဲ့မည်ဖြစ်သည်။ထို့ကြောင့်ကျွန်တော်သတိပြုရမည့်အချက်များမှာ

(၁)သမ္မာကျမ်းစာထဲ ကာက္ကနသည် အာဗေလကို သတ်ချိန်တွင် ကာက္ကန၏အသက်ကိုမဖော်ပြထားပါ

(၂)အကယ်၍ သူ့အသက်(၁၀၀)ဆိုလျှင် လူပေါင်းများစွာ ဤကမ္ဘာကြီးထဲ ရှိနေပါလိမ့်မည်

(၃)မကြာမှီပင် ကာက္ကနသည် ဧနောက်ဟူသောမြို့ကိုတည်ထောင်နိုင်ခဲ့ပါသည်

(၄)ကမ္ဘာဦးအစတွင် ဘုရားသခင်သည် ညီအစ်ကိုမောင်နှမအချင်းချင်းအိမ်ထောင်ပြုလက်ထပ်ခွင့်ပေးခဲ့ပါသည်(မှတ်ချက်>မောရှေခေတ်ရောက်သည့်အခါမှ ဝတ်ပြုရာကျမ်း ၂၀:၂၁တွင် ဆွေမျိုးရင်းချာများ မေထုန်သံဝါသမပြုရန်၊အိမ်ထောင်မပြုရန်တားမြစ်ခဲ့ပါသည်)

ကာက္ကနဇနီးဘယ်ကရဟူသော မေးခွန်းဖြင့်ပတ်သတ်၍ ကျမ်းစာတွင် အတိအကျမဖော်ပြထားသောကြောင့် ဖြစ်နိုင်ချေရှိသောအရာများကိုသာ သိရှိနိုင်မည်ဖြစ်ပါသည်။ သမ္မာကျမ်းစာမှဖော်ပြချက်များကို ပြန်လည်ဆက်စပ်စဉ်းစားကြည့်ပါက အနီးစပ်ဆုံးအဖြေကို သိရှိနိုင်မည်ဖြစ်ပါသည်။

ဖလားဆဲ

Reference>>>Rev.Dr. Honour Nyo(ကာက္ကနဇနီးဘယ်မှာရ)