ကိုယ်တော်ရှိနေတယ်

Share

ကိုယ်တော်ရှိနေတယ်

23.5.2022(Monday)

မဿဲ ၂၈:၂၀“ငါသည် သင်တို့အားပေးသမျှသောပညတ်တို့ကိုစောင့်ရှောက်စေခြင်းငှါဆုံးမဩဝါဒပေးကြလော့။ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏”

ခရစ်ယာန်ဓမ္မသီချင်းများတွင်“ကိုယ်တော်ရှိနေတယ်”ဟူသောဓမ္မသီချင်းလေးသည် ယုံကြည်သူခရစ်ယာန်တိုင်းအတွက် အင်မတန်မှ ခွန်အားဖြစ်စေသောသီချင်းလေးဖြစ်ပါသည်။

ဘဝတွင် အထီးကျန်၍၊ နာကျင်ခံစားရသောအချိန်တွင် ထိုသီချင်းလေးက သင့်ကို ခွန်အားပေးနေမည်ဖြစ်သည်။လူအများအတွက် တည်ဆောက်စရာဖြစ်သော ဓမ္မသီချင်းလေးများတွင် ရေးစပ်သီကုံးသူ၏နှလုံးသားကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ပေါလုနှင့်သိလတို့သည်လည်း ထောင်ထဲ၌ရိုက်နှက်ခံရပြီးနောက် သန်းခေါင်အချိန်တွင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းသီဆိုကြပါသည်။ ထိုချီးမွမ်းသံက ဘုရားသခင်၏စိတ်တော်ကို တို့ထိ၍ မြေကြီးစွာလှုပ်၍ ထောင်တံခါးများပွင့်ထွက်ကုန်ပါသည်။ ထို့အချိန်တွင်ထွက်လာသော သီချင်းစာသားများသည် အင်မတန်မှ နာကျင်နေချိန်သီဆိုသောကြောင့် ဘုရားသခင်၏စိတ်တော်နှင့်ထိ တွေ့ခဲ့ပါသည်။ ဘယ်လိုအခြေအနေမျိုးရှိနေသည်ဖြစ်စေ ဘုရားသခင်၏ ဂတိတော်က ကျွန်တော်တို့အတွက် လုံလောက်ပါသည်။ ဓမ္မသီချင်းလေးမှ ခေါင်းစဉ်လေးအတိုင်း“ကိုယ်တော်ရှိနေတယ်”ဟူသော ဂတိစကားသည် ကျွန်တော်တို့အတွက် ကပ်ကမ္ဘာကုန်သည်တိုင်အောင်ဖြစ်ပါ၏။ထို့ကြောင့် အတူရှိနေမည်ဟူသော ဘုရားသခင်၏ဂတိတော်ကို ယုံကြည်ခြင်းဖြင့် နေ့ရက်စဉ်တိုင်းလျှောက်လှမ်းကြရအောင်။

ဖလားဆဲ