လူငယ်နှင့်ဇွဲလုံ့လ

Share

လူငယ်နှင့်ဇွဲလုံ့လ

20.5.2022(Friday)

၁တိ ၄:၁၅“သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၊ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့”

အောင်မြင်မှုကြီးကြီးမားမားရှိသောသူများ၏ထူးခြားချက်တစ်ခုမှာ ဇွဲလုံ့လရှိခြင်းဖြစ်ပါသည်။ ထိုဇွဲလုံ့လကြောင့် အောင်မြင်မှုအထွတ်အထိပ်သို့ရောက်ရှိခဲ့ကြပါသည်။

လူငယ်အရွယ်သည် ပညာများဆည်းပူး၍ ဘဝအတွက်ရုန်းကန်ရသောအချိန်များဖြစ်ပါသည်။တစ်ခါတစ်ရံအောင်မြင်သလို၊တစ်ခါတစ်ရံလည်း ရှုံးတွေ့မှုများနှင့်ကြုံ တွေ့ရနိုင်ပါသည်။ စာရေးသူအနေဖြင့် သောမက်စ်အက်ဒီစင်၏ အရှုံးမပေးသော ဇွဲသတ္တိအကြောင်းကို ဖော်ပြလိုပါသည်။ယနေ့ကမ္ဘာတွင်အသုံးပြုနေ‌သောမီးသီး၊မီးချောင်း၊မီးလုံးတို့ကို ဖန်တီးခဲ့သူမှာ သောမက်စ်အက်ဒီစင်ဖြစ်ပါသည်။ တစ်ကြိမ်တည်းဖြင့် အောင်မြင်မှုရခဲ့သည်မဟုတ်ဘဲ အကြိမ်ပေါင်းထောင်ပေါင်းများစွာ ကြိုးစားခဲ့ရပါသည်။ သူ၏ကျရှုံးမှုတိုင်းမအောင်မြင်သောအခါ သူက“ငါအကြိမ်ပေါင်းများစွာ ကျရှုံးခဲ့တာ မဟုတ်ဘူးကွ။ အောင်မြင်ဖို့အတွက် ငါ့ရဲ့လိုအပ်ချက်၊အားနည်းချက်၊မှားယွင်းချက်တွေကို သိခဲ့ရတာကွ”ဟု ပြောလေ့ရှိပါသည်။နောက်ဆုံးမှာ တော့သူ၏လုံ့လဝိရိယာကြောင့် အောင်မြင်သောသူဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် အောင်မြင်မှုတိုင်း၏အခြေခံအုတ်မြစ်သည် ဇွဲလုံ့လဖြစ်သောကြောင့် လူငယ်များအနေဖြင့် မိမိရှိရာဂဏ္ဍတွင် အကောင်းဆုံးကြိုးစားအားထုတ်ကြပါစို့ဟု အားပေးလိုပါသည်။

ဖလားဆဲ