အားမလျော့ပါနှင့်
14.5.2022(Saturday)
ယောရှူ ၁:၉ ” သင့်ကို ငါမှာထားသည်မဟုတ်လော။ မကြောက်နှင်။ စိတ်မပျက်နှင့်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏”
ဘဝ၏မုန်တိုင်းလှိုင်းဒဏ်ကြားထဲ ဖြတ်သန်းရသည့်အခါဝယ်တစ်ခါတစ်ရံ မထင်မမှတ်သောဘဝ၏လှိုင်းတပိုးများနှင့်ရင်ဆိုင်ကြရပါသည်။
စာရေးသူအနေဖြင့် ဘဝ၏အမှောင်မိုက်ဆုံးအချိန်မှ ပြန်လည်ရုန်းထနိုင်လာသော အမျိုးသမီးငယ်လေးတစ်ယောက်အကြောင်းအားဖြင့် ခွန်အားပေးလိုပါသည်။သူမအမည်ကတော့“Muniba Mizara”ဟု ခေါ်ပါသည်။ အထက်တန်းအောင်မြင်ပြီး ပန်းချီဆွဲခြင်းပညာရပ်တွင် ထူးချွန်သူပါ။ တစ်နေ့တော့ သူမ၏ချစ်သူနှင့်အတူ ခရီးသွားရင်း မမျှော်လင့်ဘဲ ကားက ချောက်ထဲသို့ကျသွားခဲ့ပါသည်။ ကားထဲမှ သူမ၏ချစ်သူသည် အရင်ဆုံးကိုယ်လွတ်ရုန်းထွက်ခဲ့ပါသည်။ သူမကတော့ ကားထဲ၌ညှပ်နေသဖြင့် ကယ်ဆယ်ရေးများရောက်လာမှသာ ထွက်နိုင်ခဲ့ပါသည်။ ဆေးရုံ၌ ကုသမှုခံယူပြီးနောက် ဆေးစစ်ချက်များထွက်လာသောအခါ ဆရာဝန်များက သူမသည် အောက်ပိုင်းသေ၍ လမ်းမလျှောက်နိုင်ဘဲ ကလေးလည်း ယူလို့မရတော့ဟု ပြောခဲ့ပါသည်။ ထိုအချိန်တွင်သူမသည် ရှိုက် ကြီးတငင်ငိုကာ လောကကြီးထဲအသက်မရှင်ချင်တော့သလိုဖြစ်သွားခဲ့ပါသည်။ ထို့အပြင်ချစ်သူ၏ စွန့်ပစ်ခြင်းကိုခံခဲ့ရပါသည်။ နောက်ဆုံးမှာတော့ ဘုရားသခင်တပါးတည်းကိုသာ မျှော်ကြည့်ပြီး ကူညီမစရန် ဟစ်အော်ခဲ့ပါသည်။ ထို့နောက် ဆေးရုံတွင် သူမကျွမ်းကျင်သောပန်းချီကို ပြန်လည်ရေးဆွဲပြီး တဖြည်းဖြည်းအောင်မြင် သောသူဖြစ်လာခဲ့ပါသည်။ ယခုတော့ နိုင်ငံအနှံ့ကိုလှည့်လည်ပြီး လူအများကို စိတ်ဓါတ်ခွန်အားပေးသောသူဖြစ်လာခဲ့ပါသည်။ မည်မျှပင် အဆိုးဆုံးအချိန်ရင်ဆိုင်ရသော်ငြားလည်း သူမသည် ဘုရားပေးသော ခွန်အားဖြင့်အားမလျော့ဘဲ အောင်မြင်သောသူဖြစ်လာခဲ့ပါသည်။ထို့ကြောင့် စိတ်မလျော့ဘဲ ဘုရားသခင်ကိုသာ မျှော်ကြည့်ကြရအောင်။
ဖလားဆဲ