အမေ့ချစ်ခြင်း(Mother’s Love)

Share

အမေ့ချစ်ခြင်း(Mother’s Love)

12.5.2022(Thursday)

သုတ္တံကျမ်း ၃၁:၁၀“သီလနှင့်ပြည့်စုံသော မိန်းမကိုအဘယ်သူတွေ့ရသနည်း။ထိုသို့သောမိန်းမသည် ပတ္တမြားထက်အဖိုးသာ၍ထိုက်ပေ၏”

လောကကြီးထဲ အစားထိုးလို့မရသောအရာများထဲတွင် အမေ့ချစ်ခြင်းလည်းပါဝင်ပါသည်။ သားသမီးအတွက် လုံခြုံမှု၊ပေးဆပ်မှု၊အနစ်နာခံသောအမေများသည် အင်မတန်မှ ဂုဏ်ပြုထိုက်ပါသည်။

ကျွန်တော်တို့တစ်ဦးစီတိုင်းတွင် အမေနှင့်ပတ်သတ်သော အမှတ်တရများရှိကြမည်ဖြစ်သည်။ အခက်ခဲထဲမှ အမေဘယ်လိုအားပေးတာ၊ ဘယ်လိုလမ်းပြတာ၊ ဘယ်လိုဂရုစိုက်တာရှိမည်ဖြစ်သည်။ စာရေးသူသည်လည်း အမေနှင့်ပတ်သတ်သောအမှတ်တရရှိပါသည်။ စာရေးသူ၏ အမေသည် အတန်းပညာ(၅)တန်းအထိသာ တတ်ခဲ့ရပါသည်။ ကျောင်းဆက်တတ်ချင်သော်လည်း အိမ်မှစီးပွားရေးမပြေလည်သောကြောင့် ကျောင်းမှထွက်ခဲ့ရပါသည်။ ထိုနောက်ငယ်ငယ်ရွယ်ရွယ်နှင့် ဘဝကို ရုန်းကန်ခဲ့ရပါသည်။ အသက်(၁၈)နှစ်တွင် အဖေနှင့်အိမ်ထောင်ကျခဲ့ပါသည်။ အဖေကစာမတတ်တော့ သူက စာသင်ပေးရပြန်ပါသည်။ နှစ်ယောက်သားကြိုးစားရုန်းကန်ကာ နောက်ဆုံးတော့လယ်ပိုင်ရာပိုင်လေးဖြစ်လာခဲ့ပါသည်။ ထို့နောက် သားသမီးများကို ကြိုးစားရုန်းကန်၍ အတန်းပညာဆုံးခန်းတိုင်အောင် ထားပေးခဲ့ပါသည်။ ယခုတော့ စာရေးသူသည် ဆယ်တန်းအောင်၊ဘွဲ့ရ၍၊ ကျမ်းစာကျောင်းအောင်မြင်ပြီး ခရစ်ယာန်စာပေရေးသားသူဖြစ်လာခဲ့ပါသည်။ အမေ့ချစ်ခြင်း၊အနစ်နာခံမှုတို့ကြောင့် စာရေးသူသည် အတန်းပညာဆုံးခန်းတိုင်အောင် တတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတော့ အမေက အဖအိမ်တော်သို့ပြန်နှင့်ပါပြီး။ အမေ့ဆုံးမစကား‌လေးတစ်ခွန်းယခုအထိ ကြားယောင်နေမိပါသည်။ ထိုစကားက”သားလေး..ပညာတတ်တာတစ်ခုတည်းနဲ့ မာနမထောင်လွှားနဲ့…ဘဝမှာတခြားသင်ယူစရာအများကြီးရှိတယ်”ဟု ပြောခဲ့ပါသည်။ ထို့ကြောင့်စာရှုသူအယောက်စီတိုင်းလည်း အမေ့၏ချစ်ခြင်း၊ပေးဆပ်မှုတို့ကို တန်ဖိုးထားကာ ဘုရားဘုန်းတော်ထင်ရှားစေသောသူများအဖြစ် အကောင်းဆုံးလျှောက်လှမ်းကြရအောင်။

ဖလားဆဲ