အားပေးစကား

Share

အားပေးစကား

3.5.2022(Tuesday)

ဂလာတိ ၆:၁၂“ထမ်းရွတ်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွတ်သောအားဖြင့်ခရစ်တော်၏တရားကို ကျင့်ကြလော့”

လူ့ဘောင်အဖွဲ့အစည်း၌ ရှင်သန်ကြသည့်အခါတွင် အချင်းချင်းအားပေးစကားပြောခြင်းသည် လိုအပ်ပါသည်။ မည်မျှပင်စိတ်ဓါတ်ကြံ့ခိုင်သူပင်ဖြစ်လင့်ကစား အားပေးခြင်း၊ထောက်မခြင်းမရှိပါက အခက်ခဲများကို ရင်ဆိုင်ကျော်ဖြတ်ဖို့ရန် ခက်ခဲလှပါသည်။

ဇမ်ဇစ်ဂလာ(Zig Ziglar)က“သင့်တော်တဲ့အချိန်မှာပြောလိုက်တဲ့စစ်မှန်တဲ့ စကားတစ်ခွန်းအနည်းငယ်က လူ့ဘဝကိုဘယ်လောက်တောင်ကြီးမားတဲ့အကျိုးသက်ရောက်မှုကိုပေးနိုင်မလဲဆိုတာကို ဘယ်သူမှမသိနိုင်ဘူး”ဟုပြောခဲ့ပါသည်။ အားပေးစကားတစ်ခွန်းသည် လူတစ်ယောက်၏ဘဝကိုများစွာ ပြောင်းလဲနိုင်ပါသည်။သူငယ်ချင်း၊မိဘ၊အမှု‌တော်ဆောင်စသဖြင့်ဂဏ္ဍ‌ ပေါင်းစုံတွင် အချင်းချင်းအားပေးမှုလိုပါသည်။စာရေးသူ၏ဘဝတွင် တစ်ခါက ရှေ့ဆက်ရမည့်ဘဝခရီးအတွက် စိတ်ဓါတ်အလွန်ကျခဲ့ပါသည်။ ထိုအချိန်တွင် သူငယ်ချင်း၏အားပေးစကားအားဖြင့် ပြန်လည်အားတတ်လာခဲ့ပါသည်။ သမ္မာကျမ်းစာထဲမှ ပရောဖတ်ဧလိယ၊‌ မောရှေ၊ယောဘ၊ဒါဝိဒ်တို့သည်လည်း အမြဲတမ်းတော့ စိတ်ဓါတ်ခွန်အားမပြည့်ကြပါ။ စိတ်ဓါတ်ကျသောအချိန်မျိုးဖြတ်သန်းကြရပါသည်။ အမြဲတမ်းဘုရားသခင်သည်အားပေးခဲ့ရပါသည်။ အားပေးစကားသည် လူတိုင်းအတွက်လိုအပ်သောအရာဖြစ်ပါသည်။ထို့ကြောင့်..

(၁)မိမိကိုယ်ကိုအားပေးပါ

(၂)သူတစ်ပါးကိုအားပေးပါ

(၃)လိုအပ်ချိန်တွင် သူတစ်ပါး၏အားပေးမှုကို ခံယူပါ

(၄)နှုတ်ကပတ်မှအားပေးသောကျမ်းပိုဒ်များကိုပြန်လည်အောက်မေ့ခြင်းဖြင့် အားယူပါ

ထို့ကြောင့်အချင်းချင်းအားပေးစကားပြောခြင်းဖြင့် ထမ်းရွတ်စရာဝန်ချင်းတို့ကို အတူထမ်းရွတ်ကြရအောင်။

ဖလားဆဲ