ရှုံးနိမ့်ခြင်းထဲမှ ပြန်လည်အစပြုပါ
23.4.2022(Saturday)
ရှင်လုကာ ၂၂:၃၄“သခင်ဘုရားက၊ ပေတရု၊ငါဆိုသည်ကား၊ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင်ငြင်းပယ်လိမ့်မည်ဟုမိန့်တော်မူ၏”
နေ့ရက်စဉ်တိုင်း ခရစ်ယာန်အသက်တာလျှောက်လှမ်းကြသည့်အခါဝယ် ကျွန်တော်တို့၏အသက်တာတွင် တစ်ခါတစ်ရံ ရှုံးနိမ့်မှုများ၊ပျက်ကွက်မှုများ၊ အမှားအယွင်းများရှိခဲ့ကြပါသည်။
နှစ်အစ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ တစ်နှစ်အတွင်း လုပ်ဆောင်မည့်ပန်းတိုင်များရှိထားကြပါသည်။ အခုတော့ ဧပရယ်လသို့ ရောက်ရှိလာပြီးဖြစ်ပါသည်။ အောင်မြင်အောင်လုပ်ဆောင်နိုင်သောအရာများရှိသလို ရှုံးနိမ့်သောအရာများလည်းရှိပါသည်။ သခင်ယေရှု၏ တပည့်တော်(၁၂)ပါးထဲတွင် ပေတရုသည် အင်မတန်မှ အမှုတော်မြတ်တွင်စိတ်အားထက်သန်သူဖြစ်သည်။သို့သော် သခင်ယေရှုက “သင်သည်ကြက်မတွန်မှီ ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်မည်”ဟု ပြောခဲ့ပါသည်။ သခင်ယေရှုပြောသည့်အတိုင်းဘဲ ပေတရုသည် စမ်းသပ်မှု၌ သုံးကြိမ်တိုင်တိုင်ရှုံးနိမ့်ခဲ့ပါသည်။ သို့သော် သူသည် ရှုံးနိမ့်ခြင်းထဲမှ ပြန်လည်အစပြုကာ ဘုရားသခင်၏အမှုတော်မြတ်တွင် စစ်မှန်သော အစေခံကောင်းအဖြစ်အသက်ရှင်သွားခဲ့ပါသည်။ ထိုနည်းတူစွာဘဲ ကျွန်တော်တို့၏ဘဝဖြတ်သန်းမှုတွင် ရှုံးနိမ့်ခြင်းများ၊အားနည်းခြင်းများ၊ အပြစ်ဒုစရိုက်နွံထဲ ကျရောက်သော အချိန်မျိုးရှိမည်ဖြစ်သည်။သို့သော် ရှုံးနိမ့်ခြင်းထဲမှ ပြန်လည်ရုန်းထပြီး ဘုရားသခင်နှင့်အစပြုပါက အောင်မြင်သောသူဖြစ်လာမည်ဖြစ်သည်။
ဖလားဆဲ