ထွက်မြောက်ရာလမ်း

Share

ထွက်မြောက်ရာလမ်း

22.4.2022(Friday)

၁ကော ၁၀:၁၃“လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့ သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်း အရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်”

ယနေ့ကမ္ဘာပေါ်တွင် စက္ကန့်(၄၀)ရောက်တိုင်း လူတစ်ဦးမိမိကိုယ်ကိုအဆုံးစီရင်သည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။ အင်မတန်မှ စိတ်ထိခိုက်စရာပင်ဖြစ်ပါ၏။ အဆုံးစီရင်ခြင်းဖြစ်စဉ်များကတော့

(၁)ကြိုးဆွဲချသေခြင်း(၇၁.၃%)

(၂)အဆိပ်သောက်သေခြင်း(၂၀.၁%)

(၃)ရေထဲခုန်ချသေခြင်း(၂.၇%)

(၄)တိုက်ပေါ်မှ ခုန်ချခြင်းများ (၁.၃%)ဖြစ်ပါသတဲ့။

၂၀၁၈ခုနှစ်တွင် ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့က တစ်နှစ်အတွင်းလူရှစ်သိန်းခန့် မိမိကိုယ်ကို အဆုံးစီရင်သည်ဟုဖော်ပြခဲ့ပါသည်။အင်မတန်မှ ထိတ်လန့်ဖွယ်ရာအရေအတွက်ဖြစ်ပါ၏။ သမ္မာကျမ်းစာထဲတွင်လည်း ရှောလုမင်းကြီးနှင့် ယုဒရှကာရုတ်တို့၏ အဆုံးစီရင်ခြင်းဖြစ်စဉ်များကို တွေ့ရှိမည်ဖြစ်သည်။ မျှော်လင့်ခြင်းများမဲ့၊ လမ်းစပျောက်ချိန်တွင် ကူညီမစမဲ့သူသည် လိုအပ်ပါသည်။ သို့သော် လူသားအနေဖြင့် ကူညီဖေးမမှုသည် အကန့်အသတ်တစ်ခုအထိသာဖြစ်ပါသည်။ ဘုရားသခင်၏ဂတိတော်ကို ယုံကြည်လက်ခံသူတိုင်းအတွက် ထွက်မြောက်ရာလမ်းကို ဧကန်အမှန်ပြင်ဆင်ပေးမည်ဖြစ်သည်။ နောက်ဆုံးလမ်းပျောက်ချိန်၊ခိုကိုးရာမဲ့ချိန်တွင် ဘုရားသခင်ထံမျှော်ကြည့်ပါက ဘယ်တော့မှ ပစ်ထားမည်မဟုတ်ပေ။ ကိုယ်တော်၏ဂတိတော်သည် သင်နှင့်ကျွန်ုပ်အတွက်ဖြစ်ပါ၏။ ကိုယ်တော်ထံမျှော်ကြည့်ပါက ခံနိုင်ရန်ခွန်အားနှင့်အတူ ထွက်‌ မြောက်ရာလမ်းကို တွေ့ရှိလာပါလိမ့်မည်ဟု အားပေးလိုပါသည်။

ဖလားဆဲ