စိတ်ရှည်သည်းခံခြင်းအားဖြင့်
16.4.2022(Saturday)
ဧဖတ် ၄:၂“အရာရာ၌ စိတ်နှိမ့်ချခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်၊မေတ္တာစိတ်နှင့်တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းရှိကြလော့”
ဘဝခရီးလျှောက်လှမ်းကြသည့်အခါဝယ် တစ်ခါတစ်ရံ စိတ်ရှည်သည်းခံရသောအချိန်မျိုးဖြတ်သန်းကြရပါသည်။ စိတ်ရှည်သည်းခံခြင်းရှိဖို့ရန် စမ်းသပ်သောအရာများသည် ဘက်ပေါင်းစုံမှ ဝင်ရောက်နိုင်ပါသည်။
အတွေးအခေါ်ပညာရှင် အဲရစ်တိုတယ်က“စိတ်ရှည်ခြင်းဆိုတာ ခါးသီးသလောက်၊ သူရဲ့ရလဒ်ကချိုမြိန်တယ်”ဟု ပြောခဲ့ပါသည်။ စိတ်ရှည်သည်းခံခြင်း၏ အကျိုးကျေးဇူးသည် များလှပါ၏။သမ္မာကျမ်းစာထဲ မိမိလိုချင်သောအရာကို ရရှိဖို့ရန်စိတ်ရှည်ရှည်ဖြင့်စောင့်ဆိုင်းသောသူတစ်ယောက်မှာ ယာကုပ်ဖြစ်ပါ၏။ အင်မတန်မှ ရာခေလကို ချစ်မြတ်နိုးမိသောကြောင့် (၁၄)နှစ်တိုင်တိုင် အစေခံ၍ စောင့်ဆိုင်းခဲ့ရပါသည်။ စာရေးသူအနေဖြင့် သူ၏ဇွဲနှင့် စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းခြင်းကို လေးစားမိပါ၏။ နောက်ဆုံးတော့ ယာကုပ်သည် စောင့်ဆိုင်းခြင်း၏အကျိုးရလဒ်အဖြစ် ရာခေလကို ပိုင်ဆိုင်ခွင့်ရခဲ့ပါသည်။ စာရေးသူအနေဖြင့်လည်း တရားဟောချက်စာအုပ်လေးထွက်နိုင်ဖို့ရန် နှစ်နှစ်အထိဆုတောင်းရင်း စောင့်ခဲ့ရပါသည်။ ဘုရားသခင်ပြင်ဆင်ပေးသောအချိန်၌ အရာအားလုံးအဆင်ပြေချောမွေ့သွားခဲ့ပါသည်။ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်ဟူသော မြန်မာဆိုရိုးစကားလေးအတိုင်း ဆုတောင်းခြင်းဖြစ်စေ၊လုပ်ဆောင်သမျှသောအမှုကိစွမှန်သမျှတွင် စိတ်ရှည်သည်းခံခြင်းအားဖြင့် လျှောက်လှမ်းကြပါစို့ဟု အားပေးပါရစေ။
ဖလားဆဲ