မျှော်လင့်ခြင်းရောင်ခြည်
15.4.2022(Friday)
ဟေရှာယ ၄၀:၃၁“ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား၊အားပြည့်ကြလိမ့်မည်။ရွှေလင်းယုန်ကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မည်။ပြေးသော်လည်းမပင်ပန်း၊ခရီးသွားသောအခါမမောရကြ”
လူတိုင်းအတွက်မျှော်လင့်ခြင်းရောင်ခြည်သည် လိုအပ်လှပါသည်။ မျှော်လင့်ခြင်းသည် လူတစ်ယောက်၏ဘဝကိုပြောင်းလဲပေးနိုင်သလို အဓိပ္ပာယ်လည်းရှိစေနိုင်ပါသည်။
ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်သည်ဖြစ်စေမျှော်လင့်ခြင်းဖြင့် အသက်ရှင်ကြရပါသည်။ မျှော်လင့်ခြင်းမရှိသောဘဝအသက်တာသည် သွေ့ခြောက်သောကန္တရလွင်ပြင်ကဲ့သို့ပင်ဖြစ်ပါ၏။ ၂၀၁၇ခုနှစ်၊ဇူလိုင်လ၂၀ရက်နေ့တွင် ကမ္ဘာကျော် ခေတ်ပေါ်တေးဂီတ(Linkin Park)အဖွဲ့၏ ပင်တိုင်အဆိုတော် ဖြစ်သော ချက်စတာဘင်နင်တန်(Chester Bennington)သည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါသည်။ ငွေကြေးဓနဥစွာအားဖြင့် ပူပင်စရာမလိုသည်အထိ ကြွယ်ဝချမ်းသာသော်ငြားလည်း အသက်လေးဆယ်အရွယ်မှာပင် ဘဝကို အရှုံးပေးသွားခဲ့ရပါသည်။အင်မတန်မှ ဝမ်းနည်းစရာပင်ဖြစ်ပါ၏။ လူ့ဘဝ၏အချိုးအကွေ့၊အလှည့်အပြောင်းများကြား ရှင်သန်ကြရသောအခါဝယ် မျှော်လင့်ခြင်းဟူသော ကြိုးစလေးကို မြဲမြဲမဆွဲထားပါက အရာအားလုံးကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။ အရာအားလုံးအတွက်အဖြေသည် နှုတ်ကပတ်တော်၌သာရှိပါ၏။ မည်သို့သောဘဝမုန်တိုင်းကြမ်းတမ်းစေကာမူ၊ မျှော်လင့်ခြင်းရောင်ခြည်တည်းဟူသော ကိုယ်တော်ကိုမျှော်ကြည့်ကြရအောင်။ ကိုယ်တော်ကို မျှော်ကြည့်ခြင်းအားဖြင့်သာ ခံနိုင်ရည်ခွန်အားနှင့် ထွက်မြောက်ရာလမ်းကို တွေ့ရှိလာပါလိမ့်မည်။
ဖလားဆဲ