စစ်မှန်သော ခိုလှုံရာအရိပ်

Share

စစ်မှန်သောခိုလှုံရာအရိပ်

11.4.2022(Monday)

ဆာလံကျမ်း ၉၁:အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာနတော်၌နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကိုခိုရလိမ့်မည်။ထာဝရဘုရားသည် ငါခိုလှုံရာ၊ငါ၏ရဲတိုက်၊ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏”

ယနေ့ကမ္ဘာကြီးတွင် နေ့စဉ်နှင့်အမျှ ထိတ်လန့်ကြောက်ရွံ့စရာများကို သတင်းများအားဖြင့် တွေ့မြင်ကြရပါသည်။ အထူးသဖြင့် ယူကရိန်းနိုင်ငံသားများသည် ရုရှားနိုင်ငံ၏တိုက်ခိုက်မှုများကြောင့် နေရာအသီးသီးသို့ထွက်ပြေးတိမ်းရှောင်ကြရပါသည်။

ကျွန်တော်တို့၏ပတ်ဝန်းကျင်ကိုကြည့်မလား။ ကမ္ဘာ့နိုင်ငံကြီးများကိုဘဲ ကြည့်မလား။ လူပေါင်းများစွာသည် စစ်မှန်သောခိုလှုံရာအရိပ်ကို မျှော်လင့်တောင့်တကြပါသည်။ ကမ္ဘာတွင် အလုံခြုံဆုံးနိုင်ငံတစ်နိုင်ငံဟု သတ်မှတ်ထားသော အမေရိကန်နိုင်ငံသည်၂၀၁၁ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် World Trade Centerသည် တိုက်ခိုက်ခြင်းကိုခံခဲ့ရပါသည်။ လူပေါင်းများစွာ သေကြေပျက်စီးကြရပါသည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲမှ ဒါဝိဒ်၏အသက်တာအားဖြင့် ခွန်အားပေးလိုပါသည်။သူသည် ရှောလုမင်းကြီး၏လိုက်လံလုပ်ကြံသတ်ဖြတ်မှုတို့ကြောင့် တောကြိုတောင်ကြား၊ ကျောက်ဆောင်ကျောက်ကြားများတွင် ပြေးလွှားရှောင်တိမ်းခဲ့ရပါသည်။ လူအမြင်ဖြင့်ကြည့်လျှင် သူ့အတွက်စစ်မှန်သော ခိုလှုံရာအရိပ်ဟူ၍ မရှိပေ။ သို့သော်သူသည် အခက်အခဲများကြားထဲမှ ဘုရားသခင်နှင့်ပိုမို၍အကျွမ်းဝင်မိတ်သဟာရဖွဲ့ခြင်းအားဖြင့်၊ စစ်မှန်သောခိုလှုံရာအရိပ်ကိုခံစားရရှိခဲ့ပါသည်။ ဘုရားသခင်၏ကွယ်ကာခြင်း၊ အတူရှိခြင်းက သူအားစိတ်ချလုံခြုံမှု ရရှိစေခဲ့ပါသည်။ ထိုအတူပါပဲ ကျွန်တော်တို့၏အသက်တာထဲတွင်လည်း နေ့စဉ်မြင်တွေ့နေ‌ရသော အခြေအနေအမျိုးမျိုးကြောင့် ကြောက်ရွံ့စရာများရှိနေနိုင်ပါသည်။ သို့သော်အခြေအနေအပေါ်မရပ်တည်ဘဲ ဘုရားသခင်နှင့်အကျွမ်းဝင်၍ ရရှိသောစစ်မှန်သောခိုလှုံရာအရိပ်အားဖြင့် ကျော်ဖြတ်ကြပါစို့။

ဖလားဆဲ