ကိုယ်တော်ပြုသောအမှု

Share

ကိုယ်တော်ပြုသောအမှု

8.4.2022(Friday)

ယေရမိ ၃၃:၃“ငါ့ကိုခေါ်လော့။ငါထူးမည်။ကြီးသောအရာ၊သင်မသိနိုင်အောင် နက်နဲသောအရာတို့ကိုငါပြမည်”

ဘုရားသခင်ပြုတော်မူသောအမှုများကို သမ္မာကျမ်းစာထဲတွင် မြောက်များစွာတွေ့ရမည်ဖြစ်သည်။ အကောင်းဆုံးဥပမာတစ်ခုမှာ-မောရှေနှင့်က္ကသရေလူမျိုးများထွက်မြောက်ရာလမ်းမရှိတော့သောအချိန်တွင်ပင်လယ်ကိုနှစ်ခြမ်းကွဲစေခြင်းအားဖြင့်အံဩဖွယ်ရာအမှုကို လုပ်ဆောင်ပေးခဲ့ပါသည်။

လူအနေနဲ့ မတတ်နိုင်သောအရာ၊မကြံစည်နိုင်သောအရာများဖြင့် ရင်ဆိုင်ကြုံတွေ့သောအခါ ဘုရားသခင်ပြုတော်မူသောအမှုကို မျှော်လင့်ရမည်ဖြစ်သည်။စာရေးသူအတွက် ဘုရားသခင်ပြုပေးတော်မူသောအံသြဘွယ်အမှုတစ်ခုကိုသက်သေခံလိုပါ၏။ စာရေးသူသည် ခရစ်ယာန်စာပေကို ၂၀၁၈မှစတင်၍ တတ်နိုင်သလောက် ပါဝင်ရေးသားခဲ့ပါသည်။ ကျေးဇူးတော်ကြောင့် စာပေနှင့်သက်ဆိုင်သောလမ်းကြောင်းများကို ဘုရားသခင်သည်ဖွင့်ပေးခဲ့ပါသည်။ ခရစ်ယာန်မဂ္ဂဇင်းများတွင် ဆောင်းပါးများရေးသားရင်း စာအုပ်အဖြစ်ထုတ်နိုင်ဖို့ရန် အိမ်မက်ထားရှိခဲ့ပါသည်။ သို့သော်ငွေကြေးအင်အားမတတ်နိုင်သည့်အတွက် ကလောင်စုံလုံးချင်းစာအုပ်များတွင် ပါဝင်ရေးသားခဲ့ပါသည်။ စာအုပ်တစ်အုပ်ထွက်ရှိလာဖို့ရန် ငွေ‌ရေးကြေးရေးအရအင်မတန်မှ ခက်ခဲခဲ့ပါသည်။သို့သော် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ပြင်ဆင်ပေးမှုကို စောင့်မျှော်ခဲ့ပါသည်။ သို့သော် တနေ့တွင် စာရေးသူ၏သူငယ်ချင်းအားဖြင့် ထိုင်းနိုင်ငံ၌ရှိသော အဖိုးဆရာတစ်ယောက်မှ ဆယ်သိန်းကူညီပေးမည်ဟူသောသတင်းစကားကို ကြားခဲ့ပါသည်။ဘုရားသခင်ပြုပေးသောအမှုဟု ဝန်ခံလိုက်ပါသည်။ အခက်အခဲအမျိုးမျိုးကြားမှ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဧပရယ်လ(၄)ရက်နေ့တွင် စာရေးသူ၏ “ပန်းတုံးတိုင်ခရီး”(တရားဟောချက်နှင့် ဆောင်းပါးများစုစည်းမှု)စာအုပ်ကို ထွက်ရှိနိုင်ခဲ့ပါသည်။ စာရေးသူမတတ်နိုင်သောအရာကို ဘုရားသခင်၏အံဩဘွယ်ရာပြင်ဆင်ပေးခြင်းအားဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ကြောင့်အံဩဘွယ်သောဘုရားသခင်ပြုတော်မူသော အမှုများကို မြင်တွေ့နိုင်ဖို့ ဆုတောင်းခြင်းဖြင့် ချဉ်းကပ်ကြစို့ဟု ခွန်အားပေးလိုပါသည်။

ဖလားဆဲ