ကြိုတင်ပြင်ဆင်ခြင်း
4.4.2022(Monday)
လုကာ ၁၂:၄၀“ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။အကြောင်းမူကား၊သင်တို့မထင်မမှတ်သောအချိန်၌ လူသားသည်ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏”
ကြိုတင်ပြင်ဆင်ခြင်းသည် နေရာတိုင်းတွင်လိုအပ်လှပါသည်။ ပြင်ဆင်မှုရှိသောသူသည် စစ်မတိုက်မီကပင် ၅၀%ကို အောင်မြင်ပြီးဖြစ်သည်ဟု အဆိုရှိပါသည်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူက ခရစ်တီယာနိုရိုနယ်ဒိုအား မေးခွန်းတစ်ခုမေးပါသည်။ မေးခွန်းကတော့“အကောင်းဆုံးဘောလုံးသမားဖြစ်ဖို့ ဘယ်အရာက အရေးကြီးဆုံးလဲ”ဟုမေးပါသည်။ထိုအခါသူက“ပါရမီနဲ့ အရည်အချင်းဘယ်လောက်ရှိရှိ ကြိုတင်ပြင်ဆင်မှုတည်းဟူသော ကြိုးစားမှုမရှိရင် ဘာတစ်ခုမှ အောင်မြင်မှာမဟုတ်ဘူး”ဟု ပြောလိုက်ပါသည်။ကြိုတင်ပြင်ဆင်ခြင်းဖြင့်သာ အောင်မြင်ခြင်းကို ရရှိမည်ဖြစ်ပါသည်။ သမ္မာကျမ်းစာထဲတွင်လည်း ဘုရားသခင်သည် သခင်ယေရှုမကြွလာခင် ရှေ့ပြေးအဖြစ် နှစ်ခြင်းဆရာယောဟန်ကိုစေလွှတ်ပြီး ကြိုတင်ပြင်ဆင်ခဲ့ပါသည်။ပြင်ဆင်ခြင်းအသက်တာသည် ဘုရားသခင်အလိုတော်ရှိသော အသက်တာဖြစ်ပါ၏။ ထို့ကြောင့် နေ့ရက်တိုင်း မိမိ၏အသက်တာ၌ ကြုံတွေ့ရသော အခက်အခဲအဖြစ်အပျက်များအားဖြင့်၎င်း၊ နှုတ်ကပတ်တော်အားဖြင့်၎င်း၊ ပြင်ဆင်ခြင်းဖြင့်အလိုတော်အတိုင်း လျှောက်လှမ်းကြပါစို့။
ဖလားဆဲ