လူငယ်နှင့် ကြိုးစားအားထုတ်မှု
30.3.2022(Wednesday)
၁တိ ၄:၁၅“သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၊ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့”
ဘုရားသခင်ကြီးမားစွာ အသုံးပြုသောသူများ၏သွင်ပြင်လက္ခဏာတစ်ခုမှာ ကြိုးစားအားထုတ်မှုဖြစ်ပါ၏။ ရှမွေလ၊တိမောသေ၊ယောသပ်၊ ရှင်ပေါလု၊ ဆရာကြီးယုဒဿန်တို့သည် အင်မတန်မှ ကြိုးစားအားထုတ်သောသူများဖြစ်သည်။
စာရေးသူ ငါးတန်းတုန်းက အင်္ဂလိပ်စာသင်ပေးသော အဘိုးထော်၏ ဥပမာလေးကို ပြန်လည်ဖော်ပြလိုပါသည်။ စာရေးသူသည် ရွာတွင် လေးတန်းအထိ ပညာသင်ယူခဲ့ပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါးတန်းရောက်သည့်အခါတွင် ရန်ကုန်တိုင်း၊အင်းစိန်မြို့တွင် ကျောင်းတတ်ခွင့်ရခဲ့ပါသည်။ ရွာကတတ်လာသောကြောင့် အစပထမတွင် စာမလိုက်နိုင်သောကြောင့် စိတ်ဓါတ်ကျခဲ့ရပါသည်။ ထို့နောက်အဘိုးက ရိုးပြတ်လမ်းကလေးဥပမာအားဖြင့် အမြဲ အားပေးခဲ့ပါသည်။ ရိုးပြတ်လမ်းသည် အစပထမတော့ စပါးပင်များဖြင့် ထူထူထောင်ထောင်ဖြစ်နေပေမည်။ သို့သော်ကြာလာ၍ လူသွားလူလာများလာသောအခါ ရိုးပြတ်လမ်းကလေးတစ်ခုဖြစ်လာခဲ့ပါသည်။ဆိုလိုသည် မည်မျှပင် ခက်ခဲစေကာမူ လေ့ကျင့်မှုတည်းဟူသောကြိုးစားအားထုတ်မှုများလာပါက အဆင်ပြေလာမည်ဟူ၍ဖြစ်ပါသည်။ စာရေးသူလည်း တဖြည်းဖြည်း စာများလိုက်လာနိုင်ခဲ့ပါသည်။ စာရေးသူအနေဖြင့် လူငယ်များအား အားပေးလိုသည်မှာ မည်မျှပင်ခက်ခဲစေကာမူ လုပ်ဆောင်သမျှ အမှုကိစွများတွင် ကြိုးစားအားထုတ်မှုထပ်ဆင့်မွမ်းမံပါက အောင်မြင်မှုကို မြင်တွေ့လာမည်ဟု ခွန်အားပေးလိုပါသည်။
ဖလားဆဲ