ရောင့်ရဲသောစိတ်

Share

ရောင့်ရဲသောစိတ်

29.3.2022(Tuesday)

၁တိ ၆:၆“ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌မွေ့လျော်ခြင်းဏ္ ကြီးစွာသော အကျိုးစီးပွားမှန်၏”

ယနေ့ရှင်သန်ရသောကမ္ဘာကြီးထဲတွင် မြောက်များစွာသောဆွဲဆောင်မှုများသည် ဝန်းရံလို့လာနေသည်ကို တွေ့ရမည်ဖြစ်သည်။ သမ္မာကျမ်းစာထဲမှာတော့ ရောင့်ရဲခြင်းရှိဖို့ရန် သတိပေးထားပါသည်။

ရောင့်ရဲခြင်း၏ဆန့်ကျင်ဘက်ကတော့ လိုချင်တပ်မက်မှုဖြစ်ပါ၏။အမှန်တကယ်တော့ ရုပ်ဝတ္ထုပစွည်းများ၏ဆွဲဆောင်မှုများသည် လူသားအနေဖြင့် တော့ သဘောကျစရာပင်ဖြစ်ပါသည်။ သို့သော် ရောင့်ရဲသောစိတ်သဘောကို ယူတင်ဝတ်ဆောင်မထားပါက မိမိ၏စိတ်ကို လိုချင်တက်မက်မှုများက ဖုံးလွှမ်းသွားမည်ဖြစ်သည်။ စာရေးဆရာကြီး ဝါးရင့်ဘားဖက်က“သင်သည် အသုံးမလိုသောပစွည်းတစ်ခုကို ဝယ်ယူပါက မကြာမှီသင်သည် အသုံးလိုသည့်ပစွည်းတစ်ခုခုကို ရောင်းရပါလိမ့်မည်”ဟု ဆိုခဲ့ပါသည်။ မှန်ပါသည်။ ကျွန်တော်အဝေးသင်တတ်စဉ်က ယုဇနပလာဇာတွင် လုံခြုံရေးဝန်ထမ်းသွားလုပ်ခဲ့ဖူးပါ၏။ အဝတ်အထည်မြောက်များစွာကို လက်လီလက်ကားရောင်းချပေးသောဆိုင်က ငှါးသောကြောင့် သွားရောက်ဝန်ဆောင်မှုပေးခဲ့ရပါသည်။ ကျွန်တော်လည်း တစ်နေ့တစ်နေ့ လုံခြုံရေးလုပ်ရင်း သူဌေးမကြီး၏ သွားလာလှုပ်ရှားမှုကို လေ့လာပါသည်။ အသက်ရှစ်ဆယ်ကျော်သော်လည်း မနားဘဲ နေ့တိုင်းဆိုင်ကိုပတ်ပါသည်။ အေးဆေးအနားယူဖို့ထက် အလုပ်များ၏မောင်နှင်ခြင်းအားဖြင့် ကြွယ်ဝချမ်းသာမှု၏စည်းစိမ်ကိုမခံစားရပါ။ ရောင့်ရဲခြင်းထက် ပိုမို၍ ချမ်းသာချင်သောစိတ်က ဖုံးလွှားထားပါသည်။ထို့ကြောင့် နှုတ်ကပတ်တော်သမ္မာတရားအရ ရောင့်ရဲသောစိတ်သဘောရှိမှသာ စိတ်၏ငြိမ်သက်ခြင်း၊ဝမ်းမြောက်ခြင်းကို ရရှိမည်ဖြစ်သောကြောင့် ရောင့်ရဲသောစိတ်သဘောကို ထားရှိကြပါစို့ဟု နှိုးဆော်ပါရစေ။

ဖလားဆဲ