အငယ်ဆုံးသောသူတစ်ယောက်အား

Share

အငယ်ဆုံးသောသူတစ်ယောက်အား

28.3.2022(Monday)

မဿဲ ၂၅:၄၀“ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ဤသူတည်းဟူသော ငါညီတို့တွင်အငယ်ဆုံးသောသူတစ်ယောက်အားပြုကြသမျှတို့ကို ငါ့အားပြုကြပြီး”

အငယ်ဆုံးသောသူဟုပြောသည့်အခါတွင် ကျွန်တော်တို့၏ပတ်ဝန်းကျင်၌ရှိသော အကူအညီမဲ့သူ၊ လိုအပ်ချက်ရှိသူ၊မေတ္တာငတ်သူ၊ဆာလောင်မွတ်သိပ်သူ စသဖြင့် အများကြီးရှိပါသည်။

အချင်းချင်းအားပေးခြင်းများလိုအပ်သလို အငယ်ဆုံးသောသူများအတွက် ကူညီဖေးမဖို့ရန်မှာ ယုံကြည်သူတိုင်း၏တာဝန်ဖြစ်ပါ၏။ အငယ်ဆုံးသောသူများအတွက် များစွာကူညီဖေးမ၍ အလင်းပေးခဲ့သောသူများထဲမှာ ဆရာကြီးဂျော့မူးလယ်(George Muller) ၏အကြောင်းကို အနည်းငယ်ဖော်ပြလိုပါသည်။ သူ၏ဘဝတသက်တာတွင် မိဘမဲ့ကလေးပေါင်း(၁၀၀,၂၄)ယောက်ကို ကြည့်ရှုဖေးမခဲ့ပါသည်။ အံဩလောက်ဖွယ်ရာပမာဏဖြစ်ပါ၏။ သို့သော်သူသည် ယုံကြည်ခြင်းပါသောဆုတောင်းခြင်းအားဖြင့် ကလေးမြောက်များစွာကို ကြည့်ရှုနိုင်ခဲ့ပါသည်။ တစ်ရက်တွင် ကလေးများအတွက် မနက်စာစားသောက်ဖို့ရန် ရိက္ခာပြတ်လတ်ခဲ့ပါသည်။ ချက်ဖို့ရန်အစားအစာမရှိ၊ဝယ်ဖို့ရန်ငွေမရှိသောအချိန်မျိုးဖြင့်ရင်ဆိုင်ခဲ့ရပါသည်။ သို့သော်သူသည် ကလေးများအား ပန်ကန်နှင့်ဇွန်းကိုကိုင်ကာ ထမင်းစားပွဲ၌ တန်းစီကာစောင့်ခိုင်းပါသည်။ ထို့နောက်သူ၏ အခန်းထဲသို့ဝင်ကာ ကလေးများအတွက် အစားအစာရရှိဖို့ရန် ဘုရားသခင်ထံစိတ်နှလုံးအကြွင်းမဲ့ဆုတောင်းခဲ့ပါသည်။မကြာမှီမှာပင် ကလေးများအတွက် အစားအစာကို လာပို့ပေးရန် လူတစ်ဦးရောက်လာပါတော့ပါသည်။ အံဩဘွယ်ရာ ဘုရားသခင်၏ပြင်ဆင်ပေးခြင်းအားဖြင့် မနက်စာအတွက် လုံလောက်သော အစားအစာရရှိခဲ့ပါသည်။ကျေးဇူးတော်ချီးမွမ်းဖွယ်ရာဖြစ်ပါသည်။ ထို့ကြောင့် အငယ်ဆုံးသောသူတို့သည် ကျွန်တော်တို့၏ပတ်ဝန်းကျင်၊ နေရာတိုင်းတွင် ရှိနေသောကြောင့် နိုင်ရာဝန်ကိုထမ်းကို ကူညီဖေးမကြပါစို့ဟု နှိုးဆော်ပါရစေ။

ဖလားဆဲ