အသစ်သောအသက်တာ
24.3.2022(Thursday)
၂ကော ၅:၁၇“လူမည်သည်ကား၊ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီး”
ငယ်စဉ်အရွယ်အခါကျောင်းတတ်စဉ်က သင်္ချာပုဒ်စာများတွက်ရသည့်အခါတွင် အဖြေဆိုသောအရာသည် ရှိစမြဲပင်ဖြစ်ပါ၏။ မဖြေရှင်းနိုင်သောပုစ္ဆာများအတွက် ဆရာ၊ဆရာမများကကူညီဖြေရှင်းပေးရလေ့ရှိပါသည်။
ထိုနည်းတူစွာပင် ခက်ခဲသောဘဝပုစ္ဆာများအတွက် ဘုရားသခင်၏ ကူညီဖေးမမှုကို တောင်းခံနိုင်ပါသည်။ လူမတတ်နိုင်သော အရာများကို ဘုရားသခင်တတ်နိုင်ပါသည်။ စာရေးသူသည် လွန်ခဲ့သည့်အပတ်က စာရေးဆရာမမေနှင်းနှင့်အတူ လှည်းကူး၊ မှန်ကုန်းရွာ၌ရှိသော မူးယဇ်ဆေးဝါးတိုက်ဖြတ်ရေး လူငယ်ကျောင်းလေးသို့ရောက်ရှိခဲ့ပါသည်။ ရောက်သည့်အခါတွင် အများအားဖြင့် လူငယ်များကိုသာ အများအားဖြင့် တွေ့ရပါသည်။လူငယ်ဘဝသည် အင်မတန်မှ အလှည့်အပြောင်းများလှပါသည်။ ငယ်ရွယ်စဉ်အခါ မူးယဇ်ဆေးဝါးကိုစမ်းသုံးမိသောကြောင့် ဘဝပျက် ရသည့်အဖြစ်မျိုးလည်းရှိပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ထိုလူငယ်လေးများနှင့်သွားရောက်တွေ့ ဆုံမိတ်သဟာရဖွဲ့ခွင့်ရခဲ့ပါသည်။ သူတို့၏သက်သေခံချက်များကို ကြားပြီးနောက်လွန်စွာအံဩခဲ့ရပါသည်။ ယခုတော့ သမ္မာတရား၏သွန်သင်လမ်းပြခြင်းအားဖြင့် စိတ်သစ်၊လူသစ်ဖြစ်လာခဲ့ပါသည်။ထို့ကြောင့်ဘုရားသခင်၏ နှုတ်ကပတ်တော်သမ္မာတရားသည် တန်ခိုးနှင့်ပြည့်စုံသည်ဖြစ်၍ လူမတတ်နိုင်သောအရာများကို တတ်နိုင်သည်ဟူသော ဂတိတော်ကိုယုံကြည်ခြင်းဖြင့် အသက်ရှင်ပါက အံ့ဩဘွယ်ရာ ဘုရားသခင်ပြုသောအမှုများကို တွေ့ရှိလာမည်ဖြစ်ပါသည်။
ဖလားဆဲ