ကြိုးစားအားထုတ်လော့

Share

ကြိုးစားအားထုတ်လော့

13.3.2022(Sunday)

၁တိ ၄:၁၄-၁၅“သင်၌အပ်ပေးသောဆုကျေးဇူးကိုမပြူစုဘဲမနေနှင့်။သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှါ၊ဤအရာများကို စိတ်စွဲလမ်း၍ကြိုးစားအားထုတ်လော့”

လူရယ်ဟူ၍ဖြစ်လာသည်နှင့်အစွမ်းအစ၊အရည်အချင်းမရှိသူဟူ၍မရှိပေ။ ဘုရားသခင်သည်တစ်ယောက်တစ်မျိုးစီ ဆုကျေးဇူးပေးထားပါ၏။

စာရေးသူကိုယ်တိုင်ငယ်ငယ်တုန်းက ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်ပါသည်။ဂီတာလည်းတီးတတ်ချင်၊စန္ဒယားလည်းတီးတတ်ချင်၊တယောလည်းတီးတတ်ချင်ပါ၏။ သို့သော်သင်တန်းများလိုက်တတ်သည့်အခါ စိတ်ကသိပ်မပါလာတော့ပေ။အရွယ်ရောက်လာသောအခါ စာရေးခြင်းနှင့် သီချင်းရေးစပ်ခြင်းများ လုပ်ဆောင်သည့်အခါလုပ်ရင်းလုပ်ရင်း ပျော်မွေ့လာပါသည်။စမ်းသပ်ရင်းဖြင့် ဆုကျေးဇူးကို တွေ့ရှိလာပါသည်။တစ်ခါက မြန်မာပြည်၌ကျော်ကြားသော ဆိုင်းဝိုင်းဆရာကြီးစိန်ဗေဒါသည် ပြည်ပဖျော်ဖြေရေးခရီးစဉ်မှ ပြန်ရောက်သည့်နေ့တွင် ညနေပိုင်း၌ ဆက်လက်လေ့ကျင့်ပါသည်။ သူ၏တပည့်တပန်းများက နားပါဦးဆရာရယ်ဟုပြောပါသည်။ ထိုအခါ စိန်ဗေဒါက“မနေ့ကစိန်ဗေဒါထက် ဒီနေ့စိန်ဗေဒါက သာ၍တော်ရမည်”ဟုပြောလိုက်ပါသည်။ အင်မတန်မှအတုယူဖွယ်ရာစိတ်ဓါတ်ပင်ဖြစ်ပါသည်။ကျွမ်းကျင်ပါပေဟူသောဆရာကြီးများသည်လည်း နေ့စဉ်နှင့်အမျှလေ့ကျင့်ကြိုးစားအားထုတ်ရပါသည်။မည်မျှပင် ထူးချွန်စေကာမူ လေ့ကျင့်မှုမရှိပါက လုပ်နိုင်စွမ်းအားကျသွားတတ်ပါသည်။ ထို့ကြောင့် မိမိပိုင်ဆိုင်သောဆုကျေးဇူးများအပေါ်၌ ကြိုးစားအားထုတ်ခြင်းကိုထပ်ဆောင်းခြင်းအားဖြင့် ဘုရားဘုန်းတော်ထင်ရှားစေကြစို့ဟုအားပေးလိုပါသည်။

ဖလားဆဲ