အလိုအပ်ဆုံးအရာ
12.3.2022(Saturday)
ယောဟန် ၄:၁၄“ ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ်ကင်းလွှတ်လိမ့်မည်။ငါပေးသောရေသည် ထိုသူ၌ ထာဝရရှင်ခြင်းအလိုငှါထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏”
လူတစ်ဦးအသက်ရှင်နေထိုင်နိုင်ဖို့ရန်အတွက် အဓိကအခြေခံလိုအပ်ချက်(၃)ခုလိုပါသည်။ ထိုအခြေခံ(၃)ချက်ကတော့ စား၊ဝတ်၊နေရေးဖြစ်ပါသည်။
စားဖို့ရန်အတွက် ရေလိုအပ်ပါသည်။ ကျွန်တော်တို့၏အသက်ရှင်ခြင်းတွင် ရေသည်မရှိမဖြစ်အခန်းဂဏ္ဍတွင်ပါဝင်ပါသည်။ မောရှေနှင့်က္ကသရေလလူမျိုးများသည် ရေနှင့်ပတ်သတ်ပြီး ဘုရားသခင်အားမကြာခဏစောတကတတ်ကြပါသည်။သောက်သုံးဖို့ရန်ရေပြတ်လတ်သောအခါ မောရှေအားအပြစ်တင်ကြပါသည်။ သို့သော် ရေလိုအပ်သောအချိန်တိုင်းဘုရားသည် ကျောက်မှရေထွက်စေခြင်းဖြင့် ပြင်ဆင်ပေးခဲ့ပါသည်။ ထို့အပြင်စားဖို့ရန်အတွက် မန္နမုန့်ကိုလည်း ပြင်ဆင်ပေးခဲ့ပါသည်။စားဖို့အပြင် ဝတ်ဖို့ကလည်းလိုအပ်ပြန်ပါသည်။အာဒံနှင့်ဧဝသည် အစအဦး၌ အဝတ်အစားမလိုပေ။ သို့သော် ဘုရားသခင်၏စကားကို နာမခံသောကြောင့် ဝတ်ဖို့ရန် အဝတ်အစားလိုလာပါသည်။ အဝတ်ဝတ်ရခြင်း၏ရည်ရွယ်ချက်က အရှက်လုံဖို့ရန်ဖြစ်ပါသည်။ အဝတ်အတွက် လိုအပ်သလို နေရေးကလည်း လိုပြန်ပါသည်။ကျောတခင်းစာအတွက် နေရာထိုင်ခင်းကလိုပါသည်။ လူသားတစ်ယောက်အနေဖြင့် ကျွန်တော်တို့၏ လိုအပ်ချက်များသည် များလှပါသည်။ ဤအရေးများသည် ကျွန်တော်တို့အတွက် လိုအပ်သကဲ့သို့ ဘုရားသခင်သည်လည်း ကျွန်တော်တို့၏လိုအပ်သောနေရာတွင် ရှိရမည်ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ လိုအပ်နေမှုများကို သိသောဘုရားဖြစ်သည်။ထို့ကြောင့်နေ့ရက်စဉ်တိုင်း အလိုအပ်ဆုံးနေရာတွင် ဘုရားသခင်ကို ဦးစွာပထမထားရှိခြင်းအားဖြင့် လျှောက်လှမ်းကြပါစို့ဟု နှိုးဆော်ပါရစေ။
ဖလားဆဲ