အဆိုးကို အကောင်းနဲ့အနိုင်ယူ
9.3.2022(Wednesday)
ရောမ ၁၂:၂၁“အဆိုးအားဖြင့် အရှုံးမခံနဲ့။အကောင်းအားဖြင့် အဆိုးကို အနိုင်ယူလော့”
လောကကြီးထဲအသက်ရှင်ရသည့်အခိုက်အတန့်တွင် အကောင်းနှင့်အဆိုးသည် အမြဲယှဉ်တွဲလို့နေပါသည်။ အကောင်း၏ဦးတည်ရာသည် စိတ်၏သက်သာခြင်းဆီသို့ရောက်ရှိသော်ငြားလည်း အဆိုး၏ဦးတည်ရာကတော့ အတောမသတ်နိုင်သောတုန့်ပြန်မှုများဆီဦးတည်လို့နေပါသည်။
မာတင်လူသာကတော့“အမှောင်ထုကို အမှောင်နဲ့ဖြိုခွင်းအနိုင်ယူလို့မရနိုင်ဘူး။အလင်းနဲ့သာ ဖြိုခွင်းအနိုင်ယူရမှာဖြစ်တယ်”ဟုပြောခဲ့ပါသည်။ ဆိုလိုသည်မှာအမုန်းကို အမုန်းနဲ့အနိုင်ယူဖို့မဟုတ်ဘဲ ချစ်ခြင်းမေတ္တာနဲ့အနိုင်ယူရမည်ဟူ၍ဖြစ်ပါသည်။ ထိုအတူပဲ မာသာထရီဇာ၏ အသက်တာတွင် အခက်ခဲရောက်သူများ၊ဆင်းရဲနွမ်းပါးသူများ၊အနာရောဂါခံစားရသူများကို ကိုယ်ကျိုးစွန့်ကူညီပေးဆပ်သော်ငြားလည်း သူ၏စေတနာကိုအခွင့်ကောင်းယူ၊လိမ်ညာသူမြောက်များစွာကို ကြုံခဲ့ရပါသည်။သို့သော် သူအားအခွင့်ကောင်းယူသူများကိုမေတ္တာနှင့်သာ ပြန်လည်တုန့်ပြန်ခဲ့ပါသည်။မာသာက“သင်ဟာသူတပါးကို အမြဲတမ်းဝေဖန်နေမယ်ဆိုရင်သူတပါးအပေါ်မေတ္တာထားဖို့ အချိန်ရှိတော့မှာမဟုတ်ဘူး”ဟုပြောခဲ့သည်။ သူပြောသည့်အတိုင်းသူ၏အသက်တာတွင် လက်တွေ့လိုက်လျှောက်ခဲ့ပါသည်။ဘုရားသခင်၏ဘုန်းတော်ထင်ရှားသောအသက်တာဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် နေ့စဉ်အသက်တာတွင် အဆိုးကိုအကောင်းနဲ့ အနိုင်ယူခြင်းအားဖြင့် ဘုရားဘုန်းတော်ထင်ရှားစေကြစို့ဟု အားပေးလိုပါသည်။
ဖလားဆဲ