ဆက်ကပ်ခြင်းတစ်ခုသာ
3.3.2022(Thursday)
ကောလောသဲ ၃:၂၃“လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ပြုလေသမျှတို့၌စေတနာစိတ်နှင့်ပြုကြလော့”
ကမ္ဘာဦးအစဘုရားသခင်သည် လူကိုမြေမှုန့်မှဖန်ဆင်းခဲ့သည်။ ဖန်ဆင်းသမျှအရာများထဲတွင် လူကိုအမြင့်ဆုံးနေရာတွင်ထားရှိပါသည်။ လောက၌ရှိရှိသမျှ အရာများကို အုပ်စိုးခွင့်ပေးခဲ့ပါသည်။
လူကို အစွမ်းသတ္တိ၊အသိပညာများပေးသနားကာ ချီးမြောက်ခဲ့ပါသည်။ လူဟူ၍ဖြစ်လာသည်နှင့် တန်ဖိုးမရှိသူဟူ၍ မရှိပေ။ ဘုရားသခင်သည်လူတိုင်းအား မတူညီသောအစွမ်းအစကိုယ်စီပေးထားပါသည်။ စာရေးသူ ကျမ်းစာကျောင်းတတ်စဉ်က သူငယ်ချင်းတစ်ယောက်ရှိပါ၏။ သူသည် ကျောင်းတတ်စဉ်က စကားထစ်သောအားနည်းချက်ရှိပါ၏။ သူသည် ငယ်စဉ်ကတည်းစကားကိုပီပီသသမပြောနိုင်သောကြောင့် အားငယ်ခဲ့ရပါ၏။နွေရာသီ ရွာအသီးသီးသို့ သင်တန်းများသွားသည့်အခါတွင်ဂီတာလည်း မတီးတတ်၊သီချင်းမဆိုနိုင်သောကြောင့် ပူပန်ရပါသည်။ သို့သော်သူတွင် ထူးခြားသော အစွမ်းသတ္တိတစ်ခုကို ဘုရားသခင်ပေးထားပါ၏။ ထိုအရာက သူ၏ ဘုရားသခင်အတွက်ဆက်ကပ်လိုသောနှလုံးသားဖြစ်ပါသည်။ သူသည် လက်တွေ့လုပ်ဆောင်ရသောအလုပ်များတွင် ဦးဆောင်နိုင်သူဖြစ်ပါသည်။ စကားအများကြီးမပြောသော်လည်း သူ၏ပေးဆပ်လိုသောနှလုံးသားက လူအများအတွက် အတုယူစရာဖြစ်၍ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရပါသည်။ ယခုတော့ အမှုတော်မြတ်ထဲတွင် ဘုရားသခင်၏အသုံးပြုခြင်းကို ခံရပါသည်။ ထို့ကြောင့် ဘုရားသခင်၏ အသုံးပြုခြင်းသည် ပညာတတ်ခြင်း၊မတတ်ခြင်းနှင့်မဆိုင်ဘဲ ဆက်ကပ်လိုခြင်းတစ်ခုသာလိုပါ၏။ ဘုရားသခင်၏ အမှုတော်မြတ်ထဲတွင် ဆက်ကပ်ခြင်းနှလုံးသားဖြင့် အစေခံဝန်ထမ်းကြစို့လား။
ဖလားဆဲ