ငြိမ်သက်စွာနေလော့
2.3.2022(Wednesday)
မာကု ၆:၃၁“ကိုယ်တော်ကလည်း၊တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟုမိန့်တော်မူ၏”
ခရီးတစ်ခုသို့ သွားကြသည့်အခါဝယ် ရပ်နားချိန်ကိုထားရှိကြပါသည်။ အထူးသဖြင့် မိုင်ပေါင်းများစွာ ဝေးကွာသော ခရီးစဉ်များတွင် ရပ်နားချိန်နှစ်ချိန်၊သုံးချိန်ထားရှိကြပါသည်။
နှုတ်ကပတ်သမ္မာကျမ်းထဲတွင်လည်း ရပ်နားချိန်ဟူ၍ရှိသည်။ ဘုရားသခင်သည် ကမ္ဘာကြီးကို ဖန်ဆင်းရာတွင် ခြောက်ရက်ဖန်ဆင်း၍ ခုနှစ်ရက်မြောက်တွင် နားချိန်အဖြစ်သတ်မှတ်ပါသည်။ ထိုနေ့တွင် မည်သည်အလုပ်မှမလုပ်စေဘဲ အနားယူဖို့ရန်အချိန်ကို ပြင်ဆင်ပေးခဲ့ပါသည်။ ယနေ့တွင် ကျွန်တော်တို့၏နေ့စဉ်အသက်တာကို မရပ်မနားမောင်နှင်နေသော အရာများစွာရှိပါသည်။ အချို့က ငွေကြေး၏ မောင်နှင်မှု၊ လောဘ၏စေစားရာနောက်လိုက်ကာ အနားယူချိန်ဟူ၍ မရှိသလောက်ပင်ဖြစ်လာပါတော့သည်။ လူ၏ခန္ဓာသည် လိုအပ်သလောက်အနားယူချိန်မရပါက တဖြည်းဖြည်းပျက်စီးခြင်းဆီသို့ ဦးတည်သွားပါမည်။ သခင်ယေရှုသည်လည်းသူ၏တပည့်တော်များကို အားဖြည့်၍ငြိမ်ဝပ်စွာနေခြင်းငှါ၊အနားယူချိန်ပေးခဲ့ပါသည်။ တနေ့တာခရီးတွင်ဘုရား၏အထံတော်သို့ချဉ်ကပ်ကာ ငြိမ်ဝပ်စွာအနားယူချိန်လိုပါသည်။ ဘုရားသခင်၌ ငြိမ်သက်စွာအနားယူခြင်းအားဖြင့် ရရှိသော ခွန်အားဖြင့်သာ သုခ၊ဒုက္ခအမျိုးမျိုးကို ကျော်လွှားနိုင်မည်ဖြစ်သည်။
ဖလားဆဲ