စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့

Share

စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့

20.2.2022(Sunday)

သုတ္တံကျမ်း ၃:၅-၆“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူလိမ့်မည်”

သုတ္တံကျမ်း ၃:၅-၆သည် ယုံကြည်သူခရစ်ယာန်တိုင်း၏နေ့စဉ်အသက်တာအတွက် အင်မတန်မှလိုအပ်သောကျမ်းပိုဒ်ဖြစ်ပါသည်။ ရှင်သန်နေထိုင်ရာ ဤလောကကမ္ဘာတွင် လုပ်ဆောင်ကိစွအဝဝရှိပါ၏။ ထိုအမှုကိစွဟူသမျှတွင် ကျွန်တော်တို့သည် မိမိထက်တတ်ကျွမ်းသော၊နားလည်သောသူများကို အားကိုးကြရပါသည်။ လိုလည်းလိုအပ်ပါသည်။ သို့သော်လူသားအချင်းချင်း ၏ကူညီမစမှု၊ ဖေးမမှု၊ အကြံညာဏ်‌ ပေးမှုတို့သည် အကန့်အသတ်ဖြင့်သာ ရရှိနိုင်ပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲမှ ဂတိစကားကတော့“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့”ဟူ၍ဖြစ်ပါသည်။ ပိုနေမြဲကျားနေမြဲမဟုတ်ဘဲ စိတ်နှလုံးထဲမှ အကြွင်းမဲ့နှစ်နှစ်ကာကာကိုးစားဖို့ရန်ဖြစ်ပါ၏။ ဒုတိယတစ်ခုကတော့“ကိုယ်ဥာဏ်ကို အမှီမပြုနှင့်”ဟု သတိပေးထားပါသည်။ ပြုမှုသမျှကိစွအဝဝတွင် မိမိ၏အတွေးအခေါ်၊အကြံအစည်ကို အမှီမပြုဘဲ ဘုရားကို ကိုးစားဖို့ရန်ဖြစ်သည်။ နောက်ဆုံးတစ်ခုကတော့“သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပြုပြင်တော်မူလိမ့်မည်”ဟုဂတိတော်ဖြစ်ပါသည်။ ထာဝရဘုရားအားစိတ်နှလုံးအကြွင်းမဲ့ကိုးစားသူတိုင်းအတွက် လမ်းပြပေးခြင်း၊ သွန်သင်ပေးခြင်း၊ပို့ဆောင်ပေးခြင်း၊ပြင်ဆင်ပေးခြင်းကို ရရှိမည်ဖြစ်သည်။ အဓိကအချက်မှာ ထာဝရဘုရားအားစိတ်နှလုံးအကြွင်းမဲ့ကိုးစားကြဖို့ပါ။

ဖလားဆဲ