ကောင်းသောအမူအကျင့်
11.2.2022(Friday)
ရောမ ၁၂:၁“ညီအစ်ကိုတို့၊ အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့်ပြည့်စုံသောယဇ်ကို ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်း၊ ဘုရားသခင်၏ဂရုဏာတော်ကို ထောက်ထား၍ သင်တို့ကို တိုက်တွန်းနှိုးတော်ပေ၏”
ကောင်းမွန်သောအမူအကျင့်ဖြင့် လျှောက်လှမ်းသောသူကို လူတိုင်းက လေးစားကြည်ညိုကြပါသည်။ အင်္ဂလိပ်စကားလုံးလေးတစ်ခုရှိပါသည်။ ထိုစကားလုံးလေးကတော့“Action speak louder than words”ဟူ၍ဖြစ်သည်။ ကောင်းသော အသက်ရှင်မှုသည် ကျွန်တော်တို့၏ စကားလုံးထက်ပိုပါသည်။
မည်မျှပင် အပြောကောင်းသောသူဖြစ်စေကာမူ အသက်ရှင်မှုမမှန်ကန်ပါက လေးစားမှုကို ခံရမည်မဟုတ်ပေ။ ကျွန်တော်တို့အယောက်စီတိုင်းတွင် ကောင်းသောအမူအကျင့်နှင့် ဆိုးသောအမူအကျင့်များ ကိုယ်စီရှိကြပါသည်။ သို့သော် ဆိုးသောအမူအကျင့်များ၏လွှမ်းမိုးခြင်းခံရမှုများလာပါက စာတန်၏စုံစမ်းခြင်းထဲ မျောပါသွားမည်ဖြစ်သည်။ မြန်မာဆိုရိုးစကားရှိပါသည်။ပျက်အစဉ် ပြင်ခဏဟူ၍ဖြစ်သည်။ ဥပမာအနေဖြင့်-ပျက်စီးနေသော အိမ်အိုဟောင်းသည် မပြင်ပါက ပျက်စီးနေမြဲသာဖြစ်ပေမည်။ အချိန်မှီပြန်ပြင်ပါမှသာ ကောင်းမည်ဖြစ်သည်။ ထိုအတူပဲ ကျွန်တော်တို့၏အသက်တာတွင်လည်း နှစ်ဟောင်းမှမကောင်းသောအမူအကျင့်များကို စွန့်ပစ်ဖို့လိုပါသည်။ ကောင်းသောအမူအကျင့်များကို တဖြည်းဖြည်းလုပ်ဆောင်ခြင်းဖြင့် နှစ်သစ်ကိုလျှောက်လှမ်းရမည်ဖြစ်သည်။နှစ်သစ်တွင် ကောင်းသောအမူအကျင့်များဖြစ်သော အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်သော လက္ခဏာဖြစ်သော ကောင်းသောအမူအကျင့်များကို သာ၍ပြုစုပျိုးထောင်ကြရအောင်။
ဖလားဆဲ