နှုတ်ကပတ်တော်သမ္မာတရား၌သာ

Share

နှုတ်ကပတ်တော်သမ္မာတရား၌သာ

9.2.2022(Wednesday)

၁တိ ၃:၁၆-၁၇ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊တရားကို သွန်သင်ခြင်း၊ ကျေးဇူးများကိုပြုတတ်၏”

ခရစ်ယာန်အသက်တာလျှောက်လှမ်းသည့်အခါတွင် သမ္မာတရား၌အုတ်မြစ်တည်မှသာ မယိမ်းယိုင်မပြိုလဲမည်ဖြစ်သည်။ ရှင်ပေါလု သည်သာသနာပြုခရီးစဉ်များသွားသည့်အခါတိုင်း နှုတ်ကပတ်သမ္မာတရား၌ခိုင်ခံဖို့ရန်၊ ခရစ်တော်၏ကယ်တင်ခြင်းအကြောင်းဃဃနနသိဖို့ရန် သွန်သင်ခဲ့ပါသည်။ အထူးသဖြင့် ဗေရိမြို့သားများသည် နှုတ်ကပတ်တော်သမ္မာတရားအတိုင်း လိုက်လျှောက်ကြပါသည်။ ဟောပြောမှုများ၊ သွန်သင်မှုများ မှန်မမှန်ကို ဗေရိမြို့သားများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းအားဖြင့် ခွဲခြမ်းစိတ်ဖြာကြပါသည်။ ကျွန်တော်တို့၏နေ့စဉ်အသက်တာတွင်လည်း နှုတ်ကပတ်တော်သည် ပထမဦးစားပေးဖြစ်ရပါမည်။ ငယ်သောအရွယ်မှစ၍ နှုတ်ကပတ်တော်အစစ်အမှန်ကို ရရှိသောကလေးငယ်နှင့် မရရှိသော ကလေးငယ်၏ အသက်ရှင်မှုသည် ကွာခြားလှပါသည်။ ဂျာမန်နာဇီစစ်အာဏာရှင် ခေါင်းဆောင်ဖြစ်သော ဟစ်တလာ၏အကြောင်းကို ဖော်ပြလိုပါ၏။ သူသည် ငယ်စဉ်အခါက အင်မတန်မှ ညဏ်ကောင်းသော ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါသည်။ သူ၏အိမ်မက်မှာ ဂျာမန်နိုင်ငံတော်ကြီးကို ကြီးထွားအောင်လုပ်မည်ဖြစ်သည်။ တစ်ခါက ကျောင်းသားဘဝတွင် ဟစ်တလာသည် ဗေဒင်သွားမေးပါသည်။ ဗေဒင်ဆရာက“မင်းမှာ အောင်မြင်မဲ့လမ်းကြောင်းမရှိဘူး”ဟုပြောသောအခါ သူ၏ လက်ဝါးကို ဓါးဖြင့်လှီးပြီး အောင်မြင်မည့်လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ပါသည်။ သူ၏အသက်တာသည် နှုတ်ကပတ်တော်၌ အုတ်မြစ်တည်သော အသက်တာမဟုတ်သောကြောင့် မည်မျှပင်တော်စေကာမူ ဆိုးရွားစွာ အဆုံးသတ်ခဲ့ရပါသည်။ ထို့ကြောင့် ခိုင်မာသောအုတ်မြစ်တည်းဟူသော နှုတ်ကပတ်တော်သမ္မာတရား၌ အသက်တာကိုတည်ဆောက်ခြင်းဖြင့် လျှောက်လှမ်းကြစို့။

ဖလားဆဲ