စုံစမ်းခြင်း(Temptation)
5.2.2022(Saturday)
ယာကုပ် ၁:၁၂“စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။အကြောင်းမူကား၊စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ အသက်သရဖူကို ရလိမ့်မည်”
စုံစမ်းခြင်းဟုပြောသည့်အခါတွင် အင်မတန်ကျယ်ပြန့်လှပါသည်။ ငွေကြေးအားဖြင့် သစွာရှိမှုအားစုံစမ်းခြင်း၊ အမျိုးသမီးအားဖြင့် အကျင့်စာရိတ္တအားစုံစမ်းခြင်း၊ အပျော်အပါးအားဖြင့်စုံစမ်းခြင်း၊ မူးယဇ်ဆေးဝါးအားဖြင့် စုံစမ်းခြင်းစသဖြင့် အများကြီးရှိပါသည်။
စုံစမ်းခြင်းသည် စမ်းသပ်ခြင်းနှင့် အလားသဏ္ဍန်တူညီသည်ဟု ကောက်ချက်ချလိုပါသည်။စုံစမ်းခြင်းကို အောင်မြင်ပါက စမ်းသပ်ခြင်းတစ်ခုကို အောင်မြင်သွားသလိုပင်ဖြစ်ပါသည်။ အချို့လည်း ငွေကြေး၏ စုံစမ်းခြင်းထဲ ဘဝတွေ အလဲလဲအပြိုပြိုဖြစ်ကာ ပြန်မထနိုင်ကြတော့ပေ။ အာဗြံဟံလင်ကွန်းကတော့“မင်းလဲမှာကို ငါမစိုးရိမ်ဘူး။ဒါပေမဲ့ မင်းပြန်မထိမှာကိုဘဲ ငါစိုးရိမ်တယ်”ဟုပြောခဲ့ပါသည်။ အဓိကက ပြန်ရုန်းထဖို့ဖြစ်သည်။ ဥပမာအနေဖြင့်-ပေတရု၏ အသက်တာကို ကြည့်မည်ဆိုလျှင် သူ၏သစွာရှိမှုအတွက် စုံစမ်းခြင်းကို ခံရပါသည်။ (၃)ကြိမ်တိုင်တိုင် သခင်ယေရှုခရစ်အားငြင်းပယ်ခဲ့ပါသည်။သို့သော် နောက်ဆုံးတွင် ကြက်တွန်သံကိုကြားပြီး သခင်ယေရှု၏စကားကို ပြန်လည်ကြားယောင်ကာ ရှိုက်ကြီးတငင်ငိုခဲ့ရပါသည်။ ပေတရုသည် စုံစမ်းခြင်းတွင် မအောင်မြင်သော်လည်း နောင်တနှလုံးသားဖြင့် ဝန်ချတောင်းပန်ပြီး သက်ဆုံးတိုင်သစွာရှိသောအစေခံကောင်းအဖြစ်ဆက်ကပ်ခဲ့ပါသည်။ ထိုအတူပဲ ကျွန်တော်တို့သည်လည်း လောကကြီးထဲအသက်ရှင်နေသမျှကာလပတ်လုံး စုံစမ်းခြင်းများနှင့်ကင်းကွာလို့တော်မရပေ။ မတူညီသော စုံစမ်းခြင်းများသည် ကျွန်တော်တို့အား လာရောက်သွေးဆောင်နေမည်ဖြစ်သည်။ မိမိခွန်အားဖြင့်တော့ ဘယ်စုံစမ်းခြင်းမှ ခံနိုင်မည်မဟုတိပေ။ တစ်ခါတရံလည်း ရှင်ပေတရုကဲ့သို့ လဲကျသောအချိန်များ ရှိမည်ဖြစ်သည်။ သို့သော် သတိပြုရမည့်အချက်မှာ စုံစမ်းခြင်းထဲမှ ပြန်လည်ရုန်းထဖို့ရန်ဖြစ်သည်။ ထို့ကြောင့်ကြုံဆုံလာသမျှ စုံစမ်းခြင်းကို ဘုရားပေးခွန်အားဖြင့် ရင်ဆိုင်ကာ ကျော်ဖြတ်နိုင်ကြပါစို့။
ဖလားဆဲ