သက်စမ်းရေ
4.2.2022(Friday)
ယောဟန် ၇:၃၇-၃၈“ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့၊ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည့်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏”
သခင်ယေရှုသည် ယုဒပြည်မှထွက်ခွာ၍ ရှမာရိနယ်၊ရှုခါအမည်ရှိသော ရေတွင်းသို့ရောက်သောအခါ၊ ထိုအရပ်၌ ယာကုပ်၏ရေတွင်း၌ ပင်ပန်းသဖြင့် နားနေတော်မူပါသည်။ ထိုအချိန်တွင် ခြောက်နာရီဖြစ်သောကြောင့်၊ ရှမာရိအမျိုးသမီးတစ်ယောက်သည် ရေခပ်လာသောအခါ ယေရှုက“ ငါသောက်ဖို့ရေပေးပါဟု ထိုမိန်းမ”အားဆိုလေသည်။ ထိုအချိန်တွင် တပည့်တော်များစားစရာများဝယ်ဖို့ရန် ဈေးသွားခိုက်ဖြစ်သည်။ ထိုမိန်းမက “သင်သည်ယုဒလူဖြစ်လျက်ပင် ရှမာရိမိန်းမဖြစ်သော ကျွန်မကို အဘယ်ကြောင့် သောက်ဖို့ရေတောင်းသနည်း”ဟု ဆိုပါသည်။ ထိုအခါက သခင်ယေရှုက “ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသောက်ဖို့ရေပေးပါဟုဆိုသောသူသည် အဘယ်သူဖြစ်သည်ကို သင်သိလျှင်၊ ထိုသူကို သောက်ဖို့ရေ တောင်းလိမ့်မည်။ ထိုသူသည် အသက်ရေကို ပေးလိမ့်မည်”ဟု ဆိုပါသည်။ ရှမာရိအမျိုးသမီးသည် ငါးကြိမ်တိုင်လက်ထပ်ပြီးသူဖြစ်သည်။ သို့သော် သူမသည် စိတ်မချမ်းသာပါ။ ရေငတ်လျက်နေသူဖြစ်သည်။ သခင်ယေရှုသည် အသက်စမ်းရေဖြစ်ပါသည်။ ထို့အပြင်ထာဝရအသက်ကို ပေးပိုင်သူဖြစ်သည်။ သခင်ယေရှုက ငါပေးသောသက်စမ်းရေသို့လာပါ။ ထိုသက်စမ်းရေမှ ရေကိုယူသောက်ပါဟု ရှမာရိအမျိုးသမီးကိုပြောပါသည်။ ထိုနောက်တွင် ရှမာရိအမျိုးသမီးသည် စိတ်ငြိမ်သက်ချမ်းသာခြင်းကိုရရှိခဲ့ပါသည်။
ထို့ကြောင့် သခင်ယေရှုကို နှလုံသားထဲခေါ်ဖိတ်လက်ခံခြင်းဖြင့် မကုန်ခမ်းနိုင် သောသက်စမ်းရေကိုရရှိမည်ဖြစ်သည်။
ဖလားဆဲ
Reference>>>ဖူးသဒါး(ကိုင်းပြင်ကြီး)
Billy Graham (Christ for the eternal of life)