စာတန်မာရ်နတ်နှင့် စုံစမ်းခြင်း
16.1.2022(Sunday)
မဿဲ ၄:၁“ထိုအခါ မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုခံစေမည်အကြောင်း၊ဝိညာဉ်တော်သည် ယေရှုကိုတောသို့ ပို့ဆောင်တော်မူ၍”
မကောင်းမှု၊ဆိုးယုတ်မှုများ၏ အရင်းအမြစ်သည် စာတန်မာရ်နတ်ဖြစ်ပါသည်။ မာရ်နတ်၏အလုပ်သည် ခိုးယူ၊နုတ်ယူ၊ဖျက်စီးခြင်းဖြစ်သည်။
သမ္မာကျမ်းစာထဲ၌ စာတန်မာရ်နတ်နှင့် စုံစမ်းခြင်းများကို တွေ့ရမည်ဖြစ်သည်။စာတန်သည် အမျိုးမျိုးသော လိမ်လည်လှည့်ဖျားမှုများအားဖြင့် လုပ်ဆောင်ပါသည်။ ယနေ့နတ်ဆိုးများ၊ မကောင်းမှုဟူသမျှ၏နောက်ကွယ်တွင် စာတန်မာရ်နတ်ရှိပါသည်။ ပထမဦးဆုံး ယောဘ၏အသက်တာတွင် ကြုံခဲ့ရသောစုံစမ်းခြင်းကို လုပ်ဆောင်သူမှာ စာတန်မာရ်နတ်ဖြစ်သည်။ ယောဘသည် ဘုရားသခင်၏အရှေ့တွင်ဖြောင့်မတ်သောသူဖြစ်သောကြောင့် စာတန်သည် ဘုရားသခင်ထံမှ ခွင့်ပြုချက်ကို တောင်းခံပြီးမှ ဖျက်စီးခြင်းအမှုကို စတင်လုပ်ဆောင်ပါတော့သည်။ သို့သော် ယောဘသည် စာတန်၏စုံစမ်းခြင်းအမှုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပါသည်။ဒုတိယတစ်ခုအနေဖြင့်သခင်ယေရှု၏ ရက်ပေါင်း(၄၀)အစာရှောင်ခြင်းကာလတွင် စာတန်သည် စုံစမ်းခြင်း(၃)ခုဖြင့် လာရောက်သွေးဆောင်ခဲ့ပါသည်။ သခင်ယေရှုသည် နှုတ်ကပတ်တော်သမ္မာတရားအားဖြင့် အောင်မြင်စွာဖြတ်ကျော်ခဲ့ပါသည်။ထို့အတူပဲ ယနေ့ခေတ် အချိန်ကာလတွင် စာတန်မာရ်နတ်သည်အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းများအားဖြင့် သွေးဆောင်လို့နေပါသည်။ စုံစမ်းခြင်းထဲ မျောပါမသွားဖို့ရန်မှာ သမ္မာတရား၌အုတ်မြစ်တည်၍၊ ဆုတောင်းခြင်း၊ ဘုရားသခင်နှင့်အကျွမ်းဝင်၍ မိဿဟာရဖွဲ့ခြင်းအားဖြင့် ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘုရားပေးသောခွန်အားဖြင့် စာတန်စုံစမ်းခြင်းများကို ကျော်ဖြတ်ကြစို့။
ဖလားဆဲ