သင့်ကိုစွန့်ပစ်မထားပါ

Share

သင့်ကိုစွန့်ပစ်မထားပါ
19.12.2021(Sunday)

ဟေဗြဲ ၁၃:၅(ခ)“ငါသည်သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏”

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော်ကို အသိရှိဆုံးအချိန်မှာ ကျွန်တော်တို့ဘဝ၏အခက်ခဲဆုံးအချိန်တွင် ပိုမိုသိရပါသည်။ အဘယ်ကြောင့်ဆိုသော်အင်မတန်မှ ဝမ်းနည်းကြေကွဲသောအခိုက်အတန့်တွင် ဘုရားသခင်တပါးတည်းသာ အားကိုးခိုလှုံရာဖြစ်သောကြောင့် ဖြစ်သည်။
နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ဂတိတော်ရှိပါ၏။ ထိုဂတိတော်မှာ “သင့်ကိုစွန့်ပစ်၍မထား”ဖြစ်ပါသည်။ ကျွန်တော်၏ဘဝအသက်တာထဲတွင်လည်း ဆယ်တန်းအောင်ပြီးနောက် ရန်ကုန်မြို့တွင် အလုပ်ရဖို့ရန် သူငယ်ချင်းအိမ်တွင် တစ်လတိတိအထိ အလုပ်စောင့်ခဲ့ရပါ၏။ သို့သော် ဘာအလုပ်မှမရသောကြောင့် လမ်းပျောက်ခဲ့ရဖူးပါ၏။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ရွှေပြည်သာကျောက်ပြားစက်ရုံတွင် အလုပ်ရခဲ့ပါသည်။ အိမ်နဲ့ဝေး၊ အကူအညီမဲ့သောအချိန်တွင် ဘုရားသခင်၏အတူရှိခြင်း၊ မစခြင်းကိုရရှိခဲ့ပါသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ဂရုဏာတော်များကို ပိုမိုသိရှိလာကာ အသက်တာလည်းတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါသည်။ကျွန် တော်ဘဝ၏ အဆင်ပြေဆုံးအချိန်၊ သာယာသောအချိန်တွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ မစခြင်းများကို လေးလေးနက်နက်မသိရှိခဲ့ပါ။ တကယ်တမ်း ဒုက္ခအခက်ခဲကျောက်ဆောင်များနှင့်ရင်ဆိုင်ရသောအခါမှဘုရားသခင်၏မစခြင်းကို ခံစားရရှိခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်တော်တို့၏ ခိုလှုံရာ၊ ကိုးစားရာဖြစ်သောကြောင့် ထို့သခင်ဘုရားနှင့်အတူနေ့ရက်တိုင်း အတူလျှောက်လှမ်းကြရအောင်။
ဖလားဆဲ