ဧမာနွေလ

Share

ဧမာနွေလ
16.12.2021(Thursday)
မဿဲ ၁:၂၃“ဧမာနွေလအနက်ကား၊ငါတို့နှင့်အတူရှိ‌ တော်မူသောဘုရားသခင်ဟုဆိုလိုသတည်း”

သခင်ယေရှူဖွားမြင်တော်မူခြင်းဖြစ်စဉ်အစကိုလေ့လာသည့်အခါတွင် မယ်တော်မာရိသည် ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္စေစွဲပါသည်။ ယောသပ်သည် သူတော်ကောင်းဖြစ်သောကြောင့် ဤအကြောင်းအရာအရာကို သိရှိပြီးနောက် မာရိ၏အသေရေမပျက်စေချင်သောကြောင့် တိတ်တဆိတ်စွန့်ပစ်ဖို့ရန် အကြံရှိပါသည်။ ထိုသို့ကြံစည်နေစဉ် အိမ်မက်အားဖြင့် ကောင်းကင်တမန်မှ ထင်ရှားပြီး ထိုသားသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်၍၊ မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သည်။ ထိုနောက် ထိုသားကို ဧမာနွေလဟုမှည့်၍ ငါတို့နှင့်အတူရှိတော်မူသော ဘုရားသခင်ဟုဆိုပါသည်။ ယောသပ်လည်းအိပ်ပျော်ရာမှနိုးပြီး ကောင်းကင်တမန်မှာထားသည့်အတိုင်း နာခံခြင်းဖြင့် မာရိအားကွယ်ကာစောင့်ရှောက်ပါသည်။
ပရောဖတ်များကြိုတင်ဟောပြောခဲ့သော ဗျာဒိတ်ရူပါရုံများသည်လည်း ပြည့်စုံလာခဲ့ပါသည်။ ဧမာနွေလဟုဆိုသည့်အတိုင်း သခင်ယေရှုမွေးဖွားလာခြင်းသည် လူသားတိုင်းအတွက် စစ်မှန်သော လုံခြုံစိတ်ချမှု၊ အတူရှိခြင်းကို ရရှိစေပါသည်။ သခင်ယေရှုကိုနှလုံးသားထဲ ခေါ်ဖိတ်လက်ခံသူတိုင်းအတွက် ဘဝခရီးတွင် အတူရှိခြင်း၏ သက်သေများသိရှိမြင်တွေ့လာမည်ဖြစ်သည်။ ရှင်သန်ခွင့်ရသောနေ့ရက်များကိုဧမာနွေလဘုရားနှင့်အတူ လျှောက်လှမ်းကြစို့။
ဖလားဆဲ