ဘုရားသခင်တကယ်ရှိသလား

Share

ဘုရားသခင်တကယ်ရှိသလား

25.11.2021(Thursday)

တရား ၆:၁၃“ဂိဒေါင်က အိုသခင်၊ ထာဝရဘုရားသည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူသည်မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီးရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသည်မဟုတ်လောဟု ကျွန်ုပ်တို့အဘများပြောသည့်အတိုင်းပြုတော်မူသော အံ့ဩဖွယ်သောအမှုရှိသမျှတို့သည် အဘယ်မှာရှိပါသနည်း”

ကျွန်တော်တွင်သူငယ်ချင်းတစ်ယောက်ရှိပါ၏။ သူ၏မိသားစုသည်သူငယ်စဉ်က ဥစွာဓနကြွယ်ဝသောသူများဖြစ်ပါ၏။ သို့သော် သူအရွယ်ရောက်သောအခါဝယ် မိသားစုသည် အဘက်ဘက်မှ စီးပွားရေးများကျဆင်းလာပြီး မြို့မှ တောရွာသို့ပြောင်းရွေ့နေထိုင်ရပါတော့သည်။ တစ်ခါတရံ မိသားစု၏ စားဝတ်နေရေးခက်ခဲသောအချိန်များဖြတ်သန်းရသည့်အခါတိုင်း သူသည် ဘုရားသခင်ကိုစိတ်နာပြီး သူ့ကိုယ်သူဘာသာမဲ့ဟု ကျွန်တော်ကိုပြောလေ့ရှိပါသည်။ ကျွန်တော်လည်းအမျိုးမျိုးအားပေး၍ ဖြောင်းဖြပြောဆိုသော်လည်း သူသည် ဘာသာမဲ့အဖြစ်သာ လက်ခံထားပါသည်။ သူအတွက်ဆုတောင်းပေးခြင်းဖြင့် သူ့အသက်တာပြောင်းလဲ၍ စိတ်နှလုံးပြောင်းလဲဖို့ရန် ဆုတောင်းပေးရပါသည်။ သမ္မာကျမ်းစာထဲတွင်လည်း ဂိဒေါင်သည် ဘုရားသခင်းအား မေးခွန်း(၂)ခုမေးခဲ့ပါသည်။ ပထမတစ်ခုက “ဘုရားသခင်တကယ်ရှိသလား”ဟူ၍ဖြစ်ပြီး၊ ဒုတိယတစ်ခုက“ ဘုရားသခင်တကယ်တတ်နိုင်သလား”ဟူသော မေးခွန်းဖြစ်ပါသည်။ ဘုရားသခင် သူ၏မေးခွန်းများအတွက် အဖြေကိုပေးခဲ့ပြီး သူအားရဲရင့်သောစစ်သူကြီးအဖြစ်ပြောင်းလဲပေးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။အဓိကအချက်အနေဖြင့် ကျွန်တော်တို့သိထားရမည်မှာ ဘုရားသခင်သည် အရာအားလုံးကို ထိန်းချုပ်ထားသောအရှင်ဖြစ်သည်။ ဖြစ်ပျက်သမျှအရာအားလုံး၏ နောက်ကွယ်တွင်ဘုရားသခင်၏အကြံအစည်ရှိပါသည်။ ဒုက္ခဝေဒနာထဲ မှ ဘုရားသခင်အလိုတော်ကို ဝန်ခံနိုင်ဖို့ရန် ဆုတောင်းခြင်းဖြင့် ခွန်အားတောင်းခံရမည်ဖြစ်သည်။ အသက်ရှင်‌သောဘုရားသခင်၏ဖွင့်ပြခြင်းနှင့်အတူ ဒုက္ခဝေဒနာထဲမှ ဘုရားသခင်၏မေတ္တာကို ခံစားရရှိကြပါစေ။

ဖလားဆဲ