သင်ယူလိုသောနှလုံးသား
7.11.2021(Sunday)
သုတ္တံကျမ်း ၂၂:၂၉“ဆောင်ရွက်စရာအမှုကို ကြိုးစား၍ပြီးစီးစေတတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏အမှုကိုမဆောင်ရွက်၊ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရ၏”
အမိဝမ်းထဲ မွေးဖွားလာသည်မှစ၍ ကျွန်တော်တို့သည် အရာရာကို သင်ယူလေ့လာခြင်းဖြင့် အစပြုကြရပါသည်။ ငယ်စဉ်ခလေးဘဝ မူကြိအရွယ်မှစ၍ ဘဝခရီးဆုံးသည့်အထိ သင်ယူကြရပါသည်။ မိမိ၏အတွေ့အကြုံမှ သင်ယူရသလို သူတစ်ပါး၏အတွေ့အကြုံမှလည်း သင်ယူကြရပါသည်။ ဘဝတစ်ခုလုံးသည် သင်ယူခြင်းဖြင့် လျှောက်လှမ်းမှသာ တိုးတတ်လာမည်ဖြစ်သည်။
တစ်ခါကကျွန်တော်သည် မြိုကျမ်းစာကျောင်းသူ/သားများနှင့်အတူ ခိုင်ဖေး(Camping)အစီအစဉ်တွင် ပါဝင်ခဲ့ရပါ၏။ ရောက်သည့်ရွာတိုင်း အယောက်စီတိုင်းအလှည့်ကျ တရားဒေသနာဝေငှကြရပါသည်။ တစ်ရက်တွင် ကျွန်တော်တို့သည် ခရစ်ယာန်စာပေများရေးသားသော ဆရာကြီးတစ်ယောက်၏အသင်းတော်သို့ ရောက်ရှိခဲ့ပါသည်။ညနေပိုင်းအစီအစဉ်များမစမှီ နေ့လည်ခင်း၌ ကျွန်တော်တို့သည် ဆရာကြီး၏အိမ်သို့ကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ပြုခြင်းသို့ သွားကြရပါသည်။ ထိုဝတ်ပြုခြင်းတွင် ကျွန်တော်တရားဒေသနာဝေငှရပါသည်။ သို့သော်ကျွန်တော်သတိပြုမိသည့်အချက်မှာ ကျွန်တော်ဒေသနာဝေငှချိန်တွင် ထိုဆရာကြီးသည် ဘောပင်ဖြင့် သေသေချာချာမှတ်သားနေသည့်ကို တွေ့ရပါသည်။ ကျွန်တော်အင်မတန်မှ လေးစားမိပါ၏။ ကျွန်တော်လေးစားသောအချက်မှာ ဆရာကြီးပင်ဖြစ်လင့်ကစား သင်ယူသောနှလုံးသားပိုင်ရှင်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည်နေ့စဉ်သင်ယူခြင်းအားဖြင့် ခရစ်တော်ကဲ့သို့ ကြီးရင့်သောလူအဖြစ်သို့တတ်လှမ်းကြစို့။
ဖလားဆဲ