ဧဖတ် ၄:၃၂” အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့်၊ သင်တို့၏အပြစ်ကို လွှတ်သကဲ့သို့ အချင်းချင်း အပြစ် လွှတ်ခြင်း ရှိကြလော့”
ကျွန်တော်တို့၏ ဘဝအသက်တာတွင် တစ်ခါတစ်ရံ၌ သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ အချင်းချင်းပြောမှားဆိုမှားရှိတတ်ပါသည်။ တစ်ခါက ပေတရုသည် သခင်ယေရှုအား”သခင်၊ ညီအကိုသည် အကျွန်ုပ်ကိုပြစ်မှား၍၊ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်မြောက် လွှတ်ရအံ့နည်း။ ခုနှစ်ကြိမ်မြောက် အောင်လွှတ် ရပါအံ့လော”ဟုမေးလျှောက်လေသည်။ ထိုအခါ သခင်ယေရှုက ”ခုနှစ်ကြိမ်မြောက် အောင် လွှတ်ရမည်ဟု ငါမဆို။ အကြိမ်ခုနှစ်ဆယ်၊ ခုနှစ်လီမြောက်အောင် လွှတ်ရမည်”ဟု ပြန်လည်မိန့်ဆိုခဲ့ပါသည်။ ဆိုလိုသည်မှာ ညီအကို၏အပြစ်ကို အကြိမ်ပေါင်းများစွာ ခွင့်လွှတ်ရမည်ဖြစ်သည်။ငယ်စဉ်ခလေးဘဝအရွယ်သည်အင်မတန်မှ ဖြူစင်သန့်ရှင်းသော အရွယ်ပင်ဖြစ်သည်။တစ်ခါ ကျွန်တော်သည် မိခင်အသင်းတော်မှအသင်းသားများနှင့်အတူ နာရေးဝတ်ပြုခြင်းသို့သွားရောက်ခဲ့ပါ၏။ အမျိုးသမီးများနှင့် ခလေးများလည်း လိုက်ပါ လာ ကြပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းအပြီးတွင် ရွာသို့စက်လှေဖြင့် ပြန်လာခဲ့ကြပါသည်။ မထင်မှတ်သော အချိန်တွင် ပါလာသော ခလေးနှစ်ယောက်သည် ရန်ဖြစ်ကြပါတော့သည်။ ထိုခလေးနှစ်ယောက်ငြိမ်သွားအောင် မနည်းထိန်းလိုက်ရပါသည်။ ကျေးဇူးတော်ကြောင့် စက်လှေလည်းခရီးဆက်နိုင်ခဲ့ပါသည်။အံဩစရာကောင်းသည်မှာ ခလေးနှစ်ယောက်သည် ရွာသို့မရောက်ခင် ပြန်လည်သင့်မြတ်၍ ဆော့ကစားကြပါတော့သည်။ အချင်းချင်း အပြစ် လွှတ်ခြင်း၏ ပုံသက်သေတစ်ခုပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဘုရား သခင်၏သားသမီးများဖြစ်သည့်အလျောက်အချင်းချင်းအပြစ်လွှတ်ခြင်းအရာကို ယူတင် ဝတ်ဆောင်ရမည်ဖြစ်သည်။သူတစ်ပါးအပေါ်ပြစ်မှားမိသောအရာများကိုဝန်ချတောင်းပန်ဖို့လိုသလို သူတစ်ပါးပြစ်မှားသောအပြစ်ကိုလည်း ခွင့်လွှတ်ခြင်းဖြင့် လျှောက်လှမ်း ကြပါစို့ ဟု ဆန္ဒပြုပါသည်။