(၉၄) ဘုရားသခင်၏ အကြံအစည်အတိုင်းဖြစ်စေပါ

Share

သုတ္တံကျမ်း ၁၉:၂၁ လူသည်အထူးထူးအပြားပြားကြံစည်တတ်၏။ သို့ရာတွင် ထာဝရဘုရား၏အကြံအစည်တော်သည် တည်လိမ့်မည်

ဘုရားသခင်သည် သူဖန်ဆင်းထားသော သက်ရှိ၊သက်မဲ့အရာအားလုံးအတွက် သူ၏အကြံအစည်ရှိတော်မူပါသည်။ ငှက်ခလေးတွေကတော့ ဝေဟင်မှာ ပျံသန်းဖို့ ဖန်ဆင်း ထားသလို ငါးများကတော့ ပင်လယ်ပြင်တွင် ကူးခတ်ဖို့ဖန်ဆင်းထားပါသည်။ ဘယ်အရာမှ ဘုရားသခင်သည် အချည်းနှီးမဖြစ်စေခဲ့ပါသည်။ ထိုအတူပဲ လူကို ဖန်ဆင်းရခြင်းသည် သူ၏ဘုန်းတော်ထင်ရှားဖို့ရန်ဖြစ်သည်။

ဖန်ဆင်းခြင်းအရာအားလုံးထဲတွင် လူကို ဘုရားက လွတ်လပ်စွာတွေးခေါ် စဉ်းစား ဆုံးဖြတ်ခွင့်ကို ပေးထားပါသည်။ လူသည် မိမိ၏စိတ်၊ အလိုဆန္ဒ၊ စိတ်ကြိုက် အသက်ရှင်ခွင့်ကိုရထားပါသည်။သူ၏အကြံအစည်အတိုင်းသွားမလား။မိမိအကြံအစည်အတိုင်းသွားမလား။ ရွေးချယ်ခွင့်ပေးထားပါသည်။ သမ္မာကျမ်းစာထဲ၌ လူမျိုးကြီး၏ မိခင်ဖြစ်သော စာရာသည်သူ၏အကြံအစည်အတိုင်း အာဗြံဟံကို ဟာဂရနှင့် အတူနေခိုင်း လိုက်ပါသည်။ ဘုရားသခင်၏အကြံအစည်မဟုတ်သောကြောင့်ဆိုးရွားသောအကျိုးဆက်များဖြစ်လာပါတော့သည်။ ထိုအချိန်မှစ၍ လူမျိုးနှစ်စုကွဲသွားပါတော့သည်။ သူမ၏ အကြံအစည် ကြောင့် ယနေ့တွင် အစ္စရေးနှင့် အာရပ် လူမျိူးနှစ်စုသည် ပြဿနာ မငြိမ်းနိုင်အောင် ဖြစ်နေရပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဘုရားသခင်၏ အကြံအစည်တော် အတိုင်း လိုက်လျှောက်မှသာ ပျော်ရွှင်ဝမ်းမြောက်ခြင်းကို ရရှိမည်ဖြစ်သည်။ မိမိအတွက် ဘုရားသခင်၏အကြံအစည်အတော်သိဖို့ရန် ဘုရားသခင်ထံဆုတောင်းရမည်ဖြစ်သည်။ ဘုရားသခင်၏အကြံအစည်တော်သာ ကျွန်တော်တို့အတွက်အကောင်းဆုံးသာဖြစ်သည်ဟု ခွန်အားပေးလိုပါသည်။