(၆၆) ထာဝရဘုရားကို ကြောက်ရွံ့သောအိမ်ထောင်

Share

ဆာလံ ၁၂၈: ၄-၆ ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့သော မင်္ဂလာရှိရလိမ့်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေး၍ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တစ်သက်လုံး မြင်ရလိမ့်မည်။ မိမိ သား သမီးတို့၌ ဖွားမြင်သော သားသမီးတို့ကိုလည်း မြင်ရလိမ့်မည်။ဣသရေလ အမျိုး၌ ငြိမ်ဝပ်ခြင်းရှိပါစေသော်

သာယာပျှော်ရွှင်သော ခရစ်ယာန်အိမ်ထောင်ဖြစ်ဖို့ရန် ရှေ့ဦးစွာ ဘုရားသခင်ကို ကြောက်ရွံသော အိမ်ထောင်ဖြစ်ဖို့ရန် လိုပါသည်။ ထိုမှသာ အိမ်ထောင်သည် ဘုရားသခင် ထံမှ လာသော ကောင်းကြီးမင်္ဂလာကို ခံစားရမည်ဖြစ်သည်။

သမ္မာကျမ်းထဲ၌ ယဇ်ပရောဟိတ် ဧလိ၏ မိသားစုဘဝဖြတ်သန်းမှုကို အနည်းငယ် ဖော်ပြ လိုပါသည်။ ဧလိသည် ဘုရားသခင်၏ အမှုတော်ကိုဆောင်ရသော ယဇ်ပရောဟိတ် ဖြစ်သော်ငြားလည်းသူ၏သားများကို ဘုရားသခင်အားကြောက်ရွံ့ရန်သွန်သင်ပေး၌ အားနည်းခဲ့ သောကြောင့် သူ၏သားတို့သည် ဘုရားသခင်ကို ကိုးကွယ်တဲ့နေရာမှာတောင် အမျိုးသမီးများ နှင့် ပြစ်မှားခဲ့ကြပါသည်။ ယဇ်ပူဇော်သကာများကိုလည်း ခွင့်ပြုချက်မရှိဘဲ လုယူခဲ့ကြပါသည်။ ထို့ကြောင့်ဓမ္မရာဇဝင် ၃:၁၃ တွင် ထာဝရဘုရားက “ ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည့် တိုင်အောင် ကိုယ်ပြုသောဒုစရိုက်ကို သူသိသော်လည်း ကျပ်တည်းစွာ မဆုံးမဘဲ နေသော ကြောင့်သူ၏အိမ်သားတို့၌ ငါသည် အစဉ်အမြဲဒဏ်ပေးမည်”ဟု မိန့်တော်မူပါသည်။ ယဇ်ပရောဟိတ် ဧလိသည် သူ၏သားများကို ဘုရားသခင်အားချစ်ကြောက်ရိုသေရန် ကျပ်တည်းစွာမဆုံးမမသွန်သင်ခဲ့သောကြောင့် ဘုရားသခင်ထံမှ ဒဏ်ခတ်ခြင်းကိုခံခဲ့ရပါသည်။ ဆာလံဆရာက ဘုရားသခင်အားကြောက်ရွံ့ခြင်း အားဖြင့် ရရှိလာမည့် ကောင်းကြီး မင်္ဂလာ များကို ဖော်ပြထားပါသည်။ ထိုအရာများကတော့ ကောင်းကြီးခံစားရခြင်းနှင့် သားသမီးများ အဆက်ဆက်ကိုမြင်ရသော အခွင့်ကို ရရှိမည်ဖြစ်သည်။

ခရစ်ယာန်အိမ်ထောင်တွင် ဘုရားသခင်အားကြောက်ရွံ့ရန် ငယ်စဉ်ကတည်းကပင် သားသမီးများကို သွန်သင်ပေးရမည်ဖြစ်သည်။သားသမီးများသည် သမ္မာသတိရှိပါလာပါက ကြီးပြင်းလာမှုအဆင့်ဆင့်တိုင်းတွင် လူရှေ့ဘုရားရှေ့တွင် ဘုရားဘုန်းတော် ထင်ရှားသော သားသမီးများဖြစ်လာမည်။ ထို့ကြောင့် ဘုရားသခင်အားကြောက်ရွံ့သော အိမ်ထောင်မိသားစု ဖြစ်ကြပါစို။