(၆၃) ယုံကြည်ခြင်းဖြင့်အသက်ရှင်ပါ

Share

ဟေဗြဲ ၁၁:၆ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်း မူကား ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင် ရှိတော်မူသည်ကို ၎င်း ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည်ကို ၎င်း ယုံကြည်ရမည်

သမ္မာကျမ်းထဲတွင် ဘုရားသခင်ကြီးမားသော အမှုကိုပြုသောသူတို့သည် ယုံကြည် ခြင်း အားကြီးသော သူများဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့်သာ ဘုရားသခင်၏ အံဩဘွယ်ရာ နက်နဲရာများကို တွေ့ရှိမည်ဖြစ်သည်။ ဟေဗြဲ အခန်းကြီး (၁၁)တစ်ခန်းလုံးတွင် ယုံကြည်ခြင်း အားကြီးသောပုဂ္ဂိုလ်များအကြောင်းကို တွေ့ရမည်ဖြစ်သည်။ကမ္ဘာဦးအစ ကာဣန ပူဇော်သော ယဇ်ထက် အာဗေလ၏ ယုံကြည်ခြင်းအားဖြင့်ယဇ်ပူဇော်ခြင်းကိုသာ ဘုရားသခင်သည် နှစ်သက်ပါသည်။ထို့နောက် ဧနောက်၊ နောဧ၊ အာဗြံဟံ၊ယာကုပ်၊ မောရှေ၊ ယောရှူ၊ ဂိဒေါင်၊ ဒါဝိဒ်၊ ရှမွေလ အဆက်ဆက် ဘုရားသခင်သည် ယုံကြည်ခြင်းဖြင့်သာ အလုပ်လုပ်ပါသည်။ ထိုပုဂ္ဂိုလ်အယောက်စီတိုင်းသည် ယုံကြည်ခြင်းအားကြီးသောသူများဖြစ်သောကြောင့် ဘုရား သခင်၏ကြီးမားသောအသုံးပြုခြင်းကို ခံခဲ့ရပါသည်။ ယနေ့ ကျွန်ုပ်တို့ အယောက်စီ တိုင်းဆီမှ ဘုရားသခင်အလိုချင်ဆုံးအရာမှာ ယုံကြည်ခြင်းဖြစ်သည်။ ကယ်တင်ခြင်းသည်လည်း သခင် ယေရှုခရစ်တော်အား ယုံကြည်ခြင်းအားဖြင့်သာ ရရှိပါသည်။ ကျွန်ုပ်တို့ နားမလည် နိုင်သော မတတ်နိုင်သော အရာများကို ဘုရားထံ ယုံကြည်ခြင်းအားဖြင့် လက်တော်ထဲ အပ်နှံ ထား ရမည်ဖြစ်သည်။သခင်ယေရှူခရစ်တော်အားယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရား သခင်၏ သားသမီးအဖြစ် ရွေးကောက်ခြင်းကို ခံရပြီးသော သူများဖြစ်သည်။ ရှေးသန့်ရှင်း သူများကဲ့သို့ကျွန်ုပ်တို့သည်ဘုရားသခင်ထံတိုးဝင်ခွင့်ကိုရရှိပြီးဖြစ်သည်။သို့သော် ယုံကြည်ခြင်း တစ်ခုသာလိုပါသည်။

ဘုရားသခင်၏သားသမီးများဖြစ်သည့်အလျောက် ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်ထံမှလာသော အံဩဘွယ်ရာလုပ်ဆောင်မှုများကို မျှော်လင့်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အနာဂတ်အစီအစဉ်များ အကြံအစည်များ အိမ်မက်များ ဆုတောင်းချက်များ ပြည့်ဝလာ စေဖို့ရန် ယုံကြည်ခြင်းဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။