(၆၂) သနားကြင်နာခြင်း

Share

ကောလောသဲ ၃:၁၂ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ သန့်ရှင်းသောသူ ချစ်အပ်သောသူကဲ့သို့ သနားစုံမက်ခြင်း ကျေးဇူးပြုခြင်း စိတ်နှိမ့် ချခြင်း နူးညံ့သိမ်မွေ့ခြင်း စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်လော့

ယုံကြည်သူခရစ်ယာန်တစ်‌ယောက်အနေဖြင့် သနားကြင်နာတတ်သော နှလုံးသား ဖြစ်ဖို့ရန်နေ့ရက်စဉ်တိုင်းကြိုးစားအားထုတ်ရမည်ဖြစ်သည်။ အိန္ဒိယ နိုင်ငံရှိ ဆင်းရဲနွမ်းပါးသောသူ အကူအညီမေတ္တာလိုအပ်နေသောသူများကို Mother Treazerသည် သနားကြင်နာတတ်သော နှလုံးသားဖြင့် ဖေးကူခဲ့ပါသည်။ ထို့ကြောင့်လည်း Mother Treazer ကို ယနေ့ထိတိုင်အောင် မမေ့နိုင်ကြသေးပေ။ လာစရုသေပြီးနောက် သခင်ယေရှူသည် မျက်ရည်ကျတော်မူသည်ကို (ယောဟန် ၁၁:၃၅) တွင်တွေ့ရပါသည်။သခင်ယေရှူသည် သနားကြင်နာတတ်သော အရှင်သခင် ဖြစ်ပါသည်။ ခရစ်ဝင်ကျမ်းများတွင်လည်း သခင်ယေရှူ ပြုတော်မူသော အမှု မြောက်များစွာကို တွေ့ရမည်ဖြစ်သည်။ အနာရောဂါခံစားရသူများ နတ်ဆိုးစွဲသူများကို သနားကြင်နာခြင်းအားဖြင့် အနာရောဂါများငြိမ်းစေ၍ နတ်ဆိုးများကို နှင်ထုတ်ပေးခဲ့ပါသည်။ ထိုအတူပဲကျွန်ုပ်တို့၏ ပတ်ဝန်း ကျင်၊ နေရာတိုင်းတွင် သနားကြင်နာခြင်းကိုဆာငတ်သောသူများရှိပါသည်။ အထူးသဖြင့် အခက် အခဲများ နှင့်ကြုံတွေ့နေရသူများ၊ ဘဝအတွက်ရုန်းကန်ရသူများသည် ကျွန်ုပ်တို့၏အကူအညီများကို လိုအပ်လို့နေပါသည်။ ကျွန်ုပ်တို့သည် သွားရောက်၍ သနားကြင်နာကာ တတ်နိုင်သည့်ဘက်မှ ကူညီဖေးမရမည်ဖြစ်သည်။

ကျွန်တော်၏ ဘဝအသက်တာတွင်လည်း များမကြာမှီက သူငယ်ချင်း(မယုံကြည်သူ) တစ်‌ယောက်သည် အသက်(၃၀)ငယ်ငယ်ရွယ်ရွယ် ကျောက်ကပ်ရောဂါဖြင့် အသက်ဆုံးခဲ့ရပါသည်။ သူမသေဆုံးမှီက ကျွန်တော်သည်သူ့ ထံသို့တစ်ခေါက် သွားကာအားပေးစကားပြောခဲ့ပါသည်။ သူငယ်ချင်းသည် ကျွန်တော်နှင့်အတူတရွာတည်း ငယ်စဉ်တောင်ကျေးခလေးဘဝကပင် အတူတူ တစ်ရွာတည်းကြီးပြင်းလာသူများဖြစ်သည့်အလျောက် အင်မတန်မှခင်မင်ကြပါသည်။ သူနေ မကောင်းချိန်တွင် လမ်းမလျှောက်နိုင်သောကြောင့် အချိန်အတော်များများလှဲလျောင်းရပါသည်။ ကျွန်တော် သည် သူထံတစ်ခေါက်ရောက်ပြီးနောက် ကျွန်တော်နေထိုင်ရာရွာသို့ ရက်သတ္တပတ် အတန်ကြာကြာပြန်နေခဲ့ပါသည်။သူထံသို့သွားဖို့ ရန်မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါ သည်။ သူသည် ကျွန်တော်ထံ ခဏခဏ သူ့ထံလာဖို့ရန် ဖုန်းခေါ်သော်ငြားလည်း ကျွန်တော်သည် သူ့အား လိုအပ်သော အရာများကိုသာ ပေးပို့ခဲ့ပါသည်။ သူ့ထံတော့ မရောက်ဖြစ်ခဲ့ပါ။ သိပ်မကြာမှီမှာပင် သူသေဆုံးပြီးဟူသာသတင်းကိုကြားရသောအခါ ကျွန်တော်အင်မတန်မှ နောင်တကြီးစွာရခဲ့ပါသည်။ အမှန်တကယ်တော့ သူသည် ကျွန်တော်လာမှာကိုမျှော်နေသည်ဟု သတင်းပြန်ကြားရပါသည်။ ကျွန်တော်သည် သနားကြင်နာတတ်သောနှလုံးသားထားရှိရန် ပျက်ကွက်ခဲ့သောကြောင့် နောင်တ များသာ ရခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အယောက်စီတိုင်းသည် သနားတတ်ကြင်နာတတ်သော နှလုံးသားထားရှိဖို့ရန် ဘုရားသခင်အလိုတော်ရှိပါသည်။ အမှားများထဲမှ အမှန်ကိုရှာဖွေ၍ အသက်တာကို ပြင်ဆင်ရင်း သနားကြင်နာတတ်သောနှလုံးသားဖြစ်ကြပါစို့။