(၅၁) ဘဝခရီးပန်းတိုင်

Share

၂တိ ၄:၇ ကောင်းစွာသော တိုက်လှန်ခြင်းကိုငါပြုပြီး။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီး

လူ့ဘဝခရီးကို လျှောက်လှမ်းကြသည့်အခါတွင် ပန်းတိုင်သည် အင်မတန်မှ လိုအပ်သောအရာတစ်ခုဖြစ်သည်။ ငယ်စဉ်အခါ ကျောင်းတတ်သည့်အရွယ်တွင် အခါတွင် တစ်နှစ်တစ်တန်းအောင်မြင်ဖို့သည် အဓိက ပန်းတိုင်ဖြစ်သည်။

ကျွန်တော်ငယ်စဉ်အခါ လူကြီးသူမများက ပန်းတိုင်နှင့်ပတ်သတ်ပြီး မေးသည့် အခါဆရာဝန်ကြီး ဖြစ်ချင်သည်ဟုပြန်ဖြေခဲ့ပါ၏။ အတန်းပညာတစ်နှစ်ပြီးတစ်နှစ် အောင်မြင် ပြီးနောက်တွင် မိမိ၏ ကြိုးစားအားထုတ်မှုနှင့် ကျောင်းအဆင့် သတ်မှတ် ချက် များအားဖြင့် ဆရာဝန်လိုင်းတော့ မဖြစ်နိုင်တော့ဟု မိမိကိုယ်ကို လက်ခံလိုက် ရပါတော့ သည်။ဆယ်တန်းတောင်အောင်မြင်ဖို့ရန် နှစ်နှစ်တောင်ကြိုးစားလိုက်ရပါသည်။ ဆယ်တန်း အောင်မြင်ပြီးနောက်တွင် အဝေးသင်တက္ကသိုလ် တတ်နေသော်ငြားလည်း ဘဝ၏ ပန်းတိုင်‌ ဘာရယ်ဘာမှန်းတိတိကျကျမသိရှိခဲ့ပါ။ နောက်ဆုံးတွင် ဘဝ၏ မျှော်လင့်ချက် ပျောက်ဆုံးကာ ဘုရားသခင်ထံ ဘဝရည်မှန်းချက်နှင့်ပတ်သတ်ပြီး မေးခွန်း ထုတ်ခဲ့ပါ သည်။ အဝေးသင်နောက်ဆုံးနှစ်တွင် ဘဝအသက်တာတွင် ခရစ်တော်လက်ခံရရှိပြီး ဘုရား သခင်၏ ရွေးကောက်ခြင်းအားဖြင့် ကျမ်းစာကျောင်းတတ်ရောက်ခဲ့ပါသည်။ ဘုရားသခင် ၏ပြင်ဆင်ပေးသော ဘဝခရီးပန်းတိုင်ဖြစ်သော အမှုတော်မြတ်တွင် ပါဝင်ဆက်ကပ် ခွင့်ရ ခဲ့ ပါသည်။

သခင်ယေရှုကိုယုံကြည်သောသူ သားသမီးတိုင်းအတွက် အံဩဘွယ်သော ဘဝခရီးပန်းတိုင်ဆီသို့ညွန်ပြလမ်းပြခြင်းကို ရရှိမည်ဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး ဘဝခရီးပန်းတိုင်သည် တူညီကြမည်မဟုတ်ပေ။ ဘဝပန်းတိုင်များသည် ဘုရားသခင်နှင့် အစပြုမှသာ စစ်မှန်သောဘဝခရီးပန်းတိုင်ကို သိရှိနိုင်မည်ဖြစ်သည်။ မိမိ၏ ဘဝခရီး ပန်းတိုင်ကိုသိရှိပြီး ရှင်ပေါလုကဲ့သို့ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးကြပါစို့ဟု အားပေးလိုပါသည်။