မဿဲ၆:၃၃–၃၄” ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာ ရှာကြလော့။နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတ္တံ့။ထို့ကြောင့် နက်ဖြန် အဖို့မစိုးရိမ်နှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်”
ယနေ့ခေတ်ကာလ ကမ္ဘာကြီးကိုကြည့်မည်ဆိုလျှင်နေရာအသီးသီးတွင် စိုးရိမ် စရာများနှင့် ပြည့်နှက်လို့သည်ကို တွေ့ရမည်ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အဘက်ဘက်မှ ရောက် လာသောစိုးရိမ်စရာများက ကျွန်ုပ်တို့ကို ပူပန်မှုများဖြစ်စေပါသည်။ ထိုစိုးရိမ်စရာအခြေအနေများကို ဖြတ်ကျော်နိုင်ဖို့ရန် ကိုးစားစရာတစ်ခုမှာ အမြဲလိုအပ်ပါသည်။ ငွေကြေးကြွယ်ဝချမ်းသာသူများက မိမိ၏ငွေကြေးဓနဥစွာ ဆုံးရှုံးမှာကိုစိုးရိမ်ကြပါသည်။လူသားတစ်ယောက်အနေဖြင့် စိုးရိမ်စရာ အနည်းအများကို ရှောင်ဖယ်လို့လည်းမရပါ။ မိမိ၏ဓနဥစွာ၊ ပညာများသည် မိမိအား အကန့်အသတ် တစ်ခုထိသာ အကူအညီပေးနိုင်ပါသည်။ ဥစ္စာဓနလည်းမရှိတော့ချိန်၊ ပညာလည်းအသုံးပြုလို့မရ အခြေအနေမျိုး ဘယ်အရာကို အားကိုးမည်နည်း?။ မိမိ၏ခွန်အား၊ အစွမ်းသတ္တိကို အားကိုးလို့ မရတော့ ပါက ဘယ်သူကိုအားကိုးမည်နည်း?။
ကျွန်ုပ်တို့ယုံကြည်သူအယောက်စီတိုင်းအတွက်စိုးရိမ်စရာအမှုများကို ကျော်ဖြတ်နိုင်ဖို့ရန် အလို့ငှာ အားကိုးခိုလှုံစရာမှာ ဘုရားသခင်၏ နုတ်ကပတ်တော်တည်းဟူသော သမ္မာတရားကိုသာ ဆုပ်ကိုင်ထားဖို့သာဖြစ်သည်။ မဿဲ ၆:၂၆ မှာ သခင်ယေရှုက “မိုးကောင်ကင်၌ရှိသော ငှက်များကို ကြည့်ပြီး ဆင်ခြင်ကြလော့ဟု” ခွန်အားပေးခဲ့ပါသည်။ ငှက်များ၏သဘာဝအလျှောက် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးလည်းမရိတ်၊ ကျီ၌မစုမသွင်း၊ သော်လည်း ဘုရားသခင်သည် ကျွေးမွေးတော် မူပါသည်။ ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာများထဲတွင် လူသည်အမြင့်ဆုံးအဆင့်အနေဖြင့် သူ၏ပုံသဏ္ဍန်နှင့်အညီ ဖန်ဆင်းခြင်းဖြစ်သည်။ ဘုရားသခင်၏ သားသမီးအနေဖြင့် ဘုရား သခင် သည် အသက်မွေးလောက်သောအစာနှင့် နေမှုထိုင်မှုကို ပြုစုစောင့်ရှောက်ပေးမည် ဖြစ်သော်လည်း ဘုရားသခင်အားယုံကြည်ကိုးစားမှုနည်းလာပါက မနက်ဖြန်အတွက် စိုးရိမ်စရာများ သာဖြစ်လာ ပေမည်။ မဿဲ ၁၅: ၃၂တွင် သခင်ယေရှုက “ ဤသူများကို ငါသနား၏။ (၃)ရက်ပတ်လုံး ငါနှင့် အတူ ရှိကြပြီး၊ စားစရာအလျဉ်းမရှိ၊လမ်းခရီး၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာကိုမစားမှီ သူတို့ကို လွှတ်ခြင်းငှာ အလိုမရှိ”ဟုမိန့်တော်မူပါသည်။ ထို့နောက် သခင်ယေရှုသည် တရားနာ ပရိတ်သတ် (၄၀၀၀)ကျော်ကို ဝလင်စွာကျွေးမွေးခဲ့ပါသည်။ထို့ကြောင့် စိုးရိမ်ခြင်းအမှုများသည် လူကို အကျိုး မများ နိုင်စေသောကြောင့် သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရား သိတော်သည်ကိုယုံကြည်ရမည်ဖြစ်သည်။ ဘုရားသခင်၏ ဂတိတော်ကို ယုံကြည်၍ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို အသက်လျှောက်လှမ်းမည်ဆိုပါက ကျွန်ုပ်တို့ရင်ဆိုင် နေရ သော စိုးရိမ်ခြင်း အမှုများကို ကျော်လွှားနိုင်မည်ဖြစ်သည်။