ယောဟန် ၁၁:၃၅” ယေရှုသည် မျက်ရည်ကျတော်မူ၏”
လူသားတိုင်းသည် ဘဝတွင်ကြုံတွေ့ရသောအခြေအနေအမျိုးမျိုးကြောင့် မျက်ရည် ကျဖူးကြမည်ဖြစ်သည်။ အောင်မြင်သောအချိန်တွင် မျက်ရည်များ ကျတတ်သလို ကျရှုံး ချိန် တွင်လည်း မျက်ရည်များကျတတ်ပါသည်။ မျက်ရည်နှင့်ကင်းသောသူသည် သက်မဲ့အရာ ဝတ္ထု တစ်ခုမျှသာဖြစ်ပေမည်။ မျက်ရည်သည် အောင်မြင်သောအခါ ကျသောမျက်ရည်သည် ပြသနာမရှိသော်လည်း ရှုံးနိမ်မှုများ၊ ဆုံးရှုံးမှုများကြုံတွေ့ရသောအခါ ကျသောမျက်ရည်သည် ပြန်လည်ရုန်းထနိုင်ဖို့ရန် အားအင်လိုပါသည်။ လှုံ့ဆော်မှုလိုပါသည်။ အားပေးမှုလိုပါသည်။ ကြင်နာမှုလိုပါသည်။
သမ္မာကျမ်းစာထဲတွင် သခင်ယေရှုမျက်ရည်ကျရသော အဖြစ်အပျက်တစ်ခုကို အကျဉ်းချုံး ဖော်ပြလိုပါ၏။ ယောဟန် ၁၁:၁၇-၃၅ တွင် သခင်ယေရှုသည် ဗေသနိရွာ သို့ရောက်သောအခါ လာစရုကို သဂြိုလ်ပြီး၍ လေးရက်မြောက်နေ့သို့ရောက်ခဲ့ပြီးဖြစ်ပါသည်။ ထိုအခါ မာသသည် သခင်ယေရှုကို တွေ့သောအခါ “သခင်၊ ကိုယ်တော်ရှိလျှင် ကျွန်မမောင် မသေပါ။ ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည်ဘုရားသခင်ကို ဆုတောင်းတော်မူ သမျှအတိုင်းဘုရားသခင် ပေးတော်မူမည်ကို ကျွန်မသိပါသည်” ဟုလျှောက်ပါသည်။ ထို့နောက် မာရိကလည်း” ကိုယ်တော်ရှိလျှင် ကျွန်မမောင်မသေပါ”ဟု လျှောက်ပါသည်။ မာရိနှင့်အတူ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသောအခါ သခင်ယေရှုသည်လည်း မျက်ရည်ကျ တော်မူပါသည်။ထို့နောက် အံ့ဩဘွယ်နိမိတ်လက္ခဏာများအားဖြင့် လာစရုကို သေခြင်းမှ ရှင်ပြန်ထမြောက် စေခဲ့ပါသည်။
ဤအချင်းအရာကို လေ့လာကြည့်ခြင်းဖြင့် သခင်ယေရှုသည် မစာနာနိုင်သောသူ မဟုတ်ပါ။ လူသားတိုင်း၏ ငိုကြွေးခြင်းမျက်ရည်များကို သခင်ယေရှုသည် သိတော်မူပါသည်။ ကျွန်တော်တို့၏ ဘဝအသက်တာတွင် ကြုံတွေ့ရသောအခြေအနေများကြောင့် ကျရသော ငိုကြွေးမျက်ရည်များကိုသခင်ယေရှုသည် ကြင်နာသောလက်ဖြင့် ထွေးပွေ့ပေးဖို့ရန် လက်ကမ်း လို့ကြိုနေပါသည်။ သခင်ဘုရားထံ အကူအညီတောင်းခံပါက ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ခြင်း၊ သက်သာခြင်းများကို ရရှိမည်ဖြစ်သည်။