(၂၀)အချင်းချင်းသင့်မြတ်ခြင်းမင်္ဂလာ

Share

ဧဖတ် ၄:၃” အသင့်အတင့် ပေါင်းဘော်ခြင်းအဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘောထားမခြားတလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့”

ရှင်ပေါလုက ယုံကြည်သူတိုင်းနေ့တိုင်းဆည်းပူးရမည့်အရာတစ်ခုကို သွန်သင် ပေးခဲ့ ပါသည်။ ထိုအရာမှာ” အချင်းချင်းသင့်မြတ်ခြင်းမင်္ဂလာ”ဖြစ်ပါသည်။ လူတစ်ဦးနှင့် တစ်ဦး သင့်မြတ်နေလျှင် ကမ္ဘာကြီးတစ်ခုလုံးလည်းလှပလို့နေမည်ဖြစ်သည်။ သို့သော် ကမ္ဘာကြီးသည် မုန်းတီးမှုများ၊ မာန်မာနများကြောင့် စစ်ပွဲများ၊ရန်ပွဲများ၊ လူသတ်မှုများ သည် ဖြစ်ပျက်လို့နေသည်ကိုတွေ့ရမည်ဖြစ်သည်။

လူရယ်လို့ဖြစ်လာသည်နှင့် ဘဝတွင်တကွေ့မဟုတ်တကွေ့ မိသားစုဝင်ဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ၊ လုပ်ဖော်ဆောင်ဖက်ဖြစ်စေ အချင်းချင်း မသင့်မမြတ်မှုများ ဖြစ်တတ် ပါသည်။ စာရေးသူ၏ဘဝအသက်တာတွင်လည်း တခါက လူတစ်ယောက်ကို စိတ်ထဲ၌ ချည်နှောင်ခဲ့ဖူးပါသည်။ မလွယ်ကူလှပါ။ အပြင်ပန်းမှပြုံးနေသော်ငြားလည်း စိတ်ထဲ၌ ချည်နှောင်ထားသောကြောင့်ပူလောင်ခြင်းသာရရှိပါသည်။ ထို့နောက်ဘုရားသခင်ထံ ခွန်အား တောင်းခံပြီး ချည်နှောင်ခြင်းများမှ လွှတ်မြောက်ခဲ့ပါသည်။ စိတ်ထဲ၌ လူ တစ်ယောက်ယောက်ကို ချည်နှောင်ပါက ဘုရားပေးသော ဝမ်းမြောက်ခြင်း၊ ငြိမ်သက် ခြင်းများနှင့်ဝေးကွာလို့နေမည်ဖြစ်သည်။ချည်နှောင်ခြင်းကို ဥပမာပေးရမည် ဆိုလျှင် လူတစ်ယောက်သည်ဘယ်သွားသွား သဲအိတ်ကြီးတစ်အိတ်ကို ထမ်းသလိုပင်ဖြစ်ပါသည်။ ‌      ထို့ကြောင့် အချင်းချင်းသင့်မြတ်ခြင်းမင်္ဂလာရှိမှသာ ကျွန်တော်တို့၏ အသင်းတော်၊ အိမ်ထောင်၊ မိသားစုတို့သည် တလုံးတဝတည်းဖြင့်အခက်အခဲအတားအဆီးများကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ရှေ့ဆက်ရမည့်ဘဝခရီးတွင် အချင်းချင်း သင့်မြတ်ခြင်း မင်္ဂလာကို ဝတ်ဆင်ခြင်းဖြင့် ဘုရားဘုန်းတော်ထင်ရှားစေကြစို့။