(၁၈)သစ္စာရှိခြင်းမင်္ဂလာ

Share

ဆာလံကျမ်း ၃၁:၂၃”ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစွာရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှားသော သူတို့ကိုကား၊ အပြစ်များစွာ ဆပ်ပေးတော်မူသတည်း”

လူ့ဘောင်အဖွဲ့အစည်းတွင် သစ္စာရှိသောသူကို လူတိုင်းနှစ်သက်ကြပါ၏။ အထူးသဖြင့် သစ္စာရှိသောသူကိုပို၍ယုံကြည်စိတ်ချကြပါသည်။သို့ကြောင့်လည်း“လူယုံ”ဟူသောလူများကို ခန့်ထားကြပါသည်။သစ္စာမရှိပါက လူအများ၏ အထင်အမြင်သေးခြင်း ကို ခံရတတ် ပါသည်။အချို့ကတော့သစ္စာတရားကို ငွေကြေးများဖြင့်လဲလည်သွားကြပြီး ဘဝတစ်ခုလုံး ပျက်စီးခြင်းလမ်းသို့ ရောက်သွားကြပါသည်။ ထိုအတူပဲ အိမ်ထောင်များသည်လည်း သစ္စာတရားမရှိတော့သောကြောင့်ဖောက်ပြန်မှုများဖြစ်လာကြပါတော့ သည်။ တမန်တော် (၁၂)ပါးထဲမှ ယုဒရှကာရုတ်သည် သူ၏သစ္စာရှိမှုကို ငွေကြေးဖြင့် လဲလည်ပြီး သခင် ယေရှုကို ရောင်းစားခဲ့ပါသည်။

သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် သစ္စာရှိသောသူများနှင့် အလုပ်လုပ် တော်မူ သည်ကို တွေ့ရမည်ဖြစ်သည်။ ပထမဦးစွာ လူမျိုးကြီး၏ဖခင်ဖြစ်သောအာဗြံဟံ၏ အသက်တာကိုကြည့်မည်ဆိုလျှင် ဘုရားသခင်လုပ်ခိုင်းသောအရာ၊ သွားခိုင်းသော နေရာ‌ ဒေသများကို သစ္စာရှိစွာဖြင့် နာခံခြင်းအပြည့်လုပ်ဆောင်ခဲ့ပါသည်။ သို့ကြောင့်လည်း ဘုရားသခင်သည် အာဗြံဟံ၏မျိုးနွယ်အဆက်ဆက်ကို ကောင်းကြီးမင်္ဂလာကို ပေးခဲ့ပါ သည်။တမန်တော်ဝတ္ထုထဲ၌ ကနဦးယုံကြည်သူများ၊တမန်တော်များသည်လည်း ခရစ်တော် အတွက် မိမိတို့အသက်ကိုပေးကာအဆုံးတိုင်အောင်သစ္စာရှိခဲ့ကြပါသည်။

ထို့ကြောင့် ကျွန်တော်တို့သည်ခရစ်တော်၏သားသမီးများဖြစ်သည့်အလျောက် သစ္စာ ရှိခြင်း မင်္ဂလာကို ထိန်းသိမ်းရမည်ဖြစ်သည်။ သစ္စာရှိသောသူဖြစ်မှသာ ဘုရားသခင် ၏ စိတ်တော်နှင့်တွေ့သောသူဖြစ်ပေမည်။