ချည်နှောင်မထားပါနှင့်
28.6.2022(Tuesday)
ဧဖတ် ၄:၃၂“ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့”
ရှင်သန်ရသောနေ့ရက်များတွင် လူတစ်ဦးနှင့်တစ်ဦးအခန့်မသင့်၍ စိတ်ကတောက်ကဆဖြစ်သောအချိန်များရှိမည်ဖြစ်သည်။ ထို့အချိန်ကာလများတွင် တစ်ဦးနှင့်တစ်ဦး စကားမပြောချင်လောက်အောင် ချည်နှောင်ခြင်းက ရစ်ပတ်လို့နေမည်ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦးခွင့်မလွှတ်နိုင်ဘဲ ဘယ်သောအခါမှ ချည်နှောင်ခြင်းမှ လွတ်မြောက်လိမ့်မည်မဟုတ်ပေ။ လွန်ခဲ့သည့်လက စာရေးသူသည် မုန့်တီဆိုင်တွင် မုန့်တီသွားစားပါသည်။ သို့သော် ဟင်းရည်သောက်ရင်း မမျှော်လင့်ဘဲ ငါးအရိုးစူးသွားခဲ့ပါသည်။တပြိုင်နက် သိလိုက်သည်နှင့် နည်းလမ်းပေါင်းစုံဖြင့် ငါးအရိုးကျသွားအောင် ကြိုးစားလုပ်ခဲ့ပါသည်။ အများအကြံပေးသလို ငှက်ပျော်သီးစား၊ထမင်းလုံးမျိုချ၊ ကြက်ဥသောက် အမျိုးမျိုးလုပ်ခဲ့ပါသည်။ သို့သော် မအောင်မြင်ခဲ့ပါ။သုံးရက်ထိတိုင် လည်ချောင်းထဲတွင်စိုက်ဝင်နေခြင်းကြောင့် နေမထိထိုင်မသာဖြစ်ခဲ့ရပါသည်။ ဤငါးအရိုးဆူးသောကြောင့်စကားပြောလည်းအဆင်မပြေ၊ထမင်းစားလည်းအဆင်မပြေဖြစ်ခဲ့ရပါသည်။ နောက်ဆုံးမခံနိုင်တော့သည်အဆုံး သီရိစန္ဒဆေးရုံသို့သွားပြသောအခါမှငါးအရိုးကို ထုတ်နိုင်ခဲ့ပါသည်။ ထိုကဲ့သို့ပင် ချည်နှောင်ခြင်းသည် “ငါးအရိုးလည်ချောင်းထဲစိုက်ဝင်နေသကဲ့သို့ပင်”ဖြစ်ပါသည်။ ဘယ်သွားသွား၊နာကျင်ခြင်းက တောက်လျှောက်ကပ်ပါလာ နေမည်ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်တော်တို့သည် ချည် နှောင်ခြင်းမှ လွတ်မြောက်အောင် မိမိခွန်အားဖြင့်မတတ်နိုင်သောအခါမျိုးရှိနိုင်ပါသည်။ ထိုအချိန်တွင် ဘုရားသခင်ထံဒူးထောက်ဆုတောင်းကာခွန်အားတောင်းခံဖို့ဖြစ်ပါသည်။ ချည်နှောင်ခြင်းများသည် ကျွန်ုပ်တို့၏အသက်တာကို အဆိပ်အတောက်ဖြစ်စေသောကြောင့် ဘုရားပေးခွန်အားဖြင့်ချည်နှောင်ခြင်းများကို ချိုးဖြတ်ကြပါစို့။
ဖလားဆဲ